ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု ကဲ့သို့သော နိုင်ငံ့ခေါင်းဆောင်များ မွေးထုတ်ပေးခဲ့ရာ ရန်ကုန်တက္ကသီလာ

ရန်ကုန် ၃၀ ဇွန် 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနုကဲ့သို့သော နိုင်ငံ့ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားသည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာတို့ကို မွေးထုတ်ပေးရာ ရန်ကုန်တက္ကသီလာက လာမည့်   ၂၀၂၀ ပြည့်နှစ်ဆိုလျှင် နှစ် ၁၀ဝ ရာပြည့် ခါသမယသို့ ရောက်ရှိတော့မည်ဖြစ်သည်။

 

1217

 

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်၊ ၁၉၃၈ ခုနှစ် ခေတ်ကာလများတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုဗဟိန်း၊ ကိုဗဆွေ စသည့် ပညာတတ်ကျောင်းသားများက မြကျွန်းညိုညို ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်းမှ ပေါ်ထွက်ခဲ့ပြီး နိုင်ငံရေးပါတီများ၊ ပြည်သူ၊ တပ်မတော် တို့နှင့်လက်တွဲ၍ နိုင်ငံ့လွတ်လပ်ရေးကို ဆောင်ကြဉ်းရယူပေးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၅၀ ကျော်နှစ်များတွင်မူ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သတင်းသည် အရှေ့တောင်အာရှသာမက အာရှနိုင်ငံများကြားတွင်ပါ အထူး ရေပန်းစားလာသည်။ ဒေသတွင်းနိုင်ငံများမှ ကျောင်းသား ကျောင်းသူများသည် ၎င်းတို့၏ ဘဝရည်မှန်းချက်အတွက် ရန်ကုန်တက္ကသိုလ်သို့ တကူးတက လာရောက် ပညာရှာမှီးခဲ့ ကြရသည်။

၁၉၆၄ ခုနှစ်တွင် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ယခုအချိန်ထိ  ရန်ကုန်တက္ကသိုလ်ဟု အမည်တွင်ခဲ့သည်။

 “ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ရာ ၂၀၂၀ ခုနှစ် ဆိုရင် ရန်ကုန်တက္ကသိုလ် နှစ် ၁၀ဝ ပြည့်ပါပြီ။ ဘွဲ့ကြိုသင်တန်းတွေနဲ့ ရန်ကုန်တက္ကသိုလ် စတင် တည်ထောင်စဉ်ကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။   ၁၉၉၀ အလွန်လောက်မှာ အကြောင်း အမျိုးမျိုးကြောင့် ဘွဲ့ကြိုသင်တန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။ နောက် ၂၀၁၃ ခုနှစ်မှာ ဘွဲ့ကြိုသင်တန်းတွေကို စတင်ပြီး ပြန်လည်လက်ခံပါတယ်။   အခုဆိုရင် တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့သူတွေ  ၂၀၁၉-၂၀၂၀  ပညာသင်နှစ်အတွက် လက်ခံမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ်ဌာနပေါင်း    ၂၀ ရှိပါတယ်။ ဘာသာရပ် (၈)ခုက သိပ္ပံဘာသာရပ်ဖြစ်ပါတယ်။ ကျန်တာ ဘာသာရပ် ၁၂ ခုကတော့ ဝိဇ္ဇာ ဘာသာရပ်တွေဖြစ်ပါတယ်။ သို့သော်လည်း တစ်ချို့ဌာနအနေနဲ့ ဘာသာရပ်ကို တိုးချဲ့ပြီး သင်ကြားနေတဲ့ ဘာသာရပ်တွေရှိပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ တွေအတွက် ဘာသာရပ်ပေါင်း ၂၆ ခုကို လက်ခံမှာဖြစ်ပါတယ်။ အမှတ်နဲ့ ခွဲထားပါတယ်။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှာ ဖော်ပြထားပါတယ်။   လူ့စွမ်းအား အရင်းအမြစ် အစီအစဉ်နဲ့ ဖွင့်တဲ့သင်တန်းတွေရှိတယ်။ ရန်ကုန်တက္ကသိုလ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်အရ နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း(DIR)၊ နိုင်ငံရေးသိပ္ပံ ဒီပလိုမာသင်တန်း (DPS)၊ အလှကုန်လုပ်ငန်း အတတ်ပညာသင်တန်း၊ Certificate in Food Technology ၊ ဘွဲ့လွန်ကွန်ပျူတာ ဒီပလိုမာသင်တန်း(DCS)၊ ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာသင်တန်း (PDCS)၊ ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာ သင်တန်း(PGDCA)၊ မြန်မာနိုင်ငံ သမိုင်းနှင့်ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း (DMHC)၊ မျက်မှောက်ခေတ် မြန်မာ့ရေးရာ ဒီပလိုမာ (PGDCMS)၊ အရှေ့တိုင်းပညာ ဒီပလိုမာသင်တန်း(DOS)၊ စီးပွားရေးလုပ်ငန်း ဥပဒေဒီပလိုမာသင်တန်း (DBL)၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ သင်တန်း(DIL)၊ ပင်လယ်ရေကြောင်း ဥပဒေဒီပလိုမာ သင်တန်း(DML)၊ Diploma in Intellectual Property Law (DIPL)၊ Post Graduate Diploma in Environmental Studies ၊ GIS ၊ Diploma in Myanmar Language Proficiency for Foreigners (DMLPF)၊ စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဒီပလိုမာသင်တန်း (DCWE)၊ ကျောက်မျက်ခွဲခြားခြင်း ဒီပလိုမာသင်တန်း (DGI)၊ အသုံးချ ဒဿနပညာ ဒီပလိုမာ(PGDA Phil)၊ မဟာဘွဲ့တွေကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ Computer Science (WBTS)၊ စီးပွားရေးလုပ်ငန်း ဥပဒေပညာမဟာသင်တန်း (MBL)၊ Basic Myanmar Language သင်တန်းတွေကိုလည်း နိုင်ငံခြားသားတွေအတွက် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ အင်္ဂလိပ် ဘာသာစကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းပြီး Global English Course ကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါတယ်”ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောသည်။

“ပညာသင်အနေနဲ့ကတော့ ဆက်သွယ်ထားတဲ့ နိုင်ငံတကာ တက္ကသိုလ် ထူးချွန်တဲ့ ကျောင်းသားတွေကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဘွဲ့ကြိုသင်တန်းတွေ အများဆုံးစေလွှတ်တာကတော့ EU-ဥရောပသမဂ္ဂ ထောက်ပံ့တဲ့ EU Share  ဆိုတာရှိတာ။ အဲဒီ ကျောင်းသားဖလှယ်ရေးအစီအစဉ်အရ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေကို စေလွှတ်တယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို စေလွှတ်တယ်။ ဥရောပနိုင်ငံတက္ကသိုလ် အချို့ကိုလည်း စေလွှတ်ပါတယ်။ အပြန်အလှန်အနေနဲ့ အရှေ့တောင်အာရှနိုင်ငံ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေကိုလည်း ပြန်လည်လက်ခံတယ်။ ဘွဲ့လွန်သင်တန်းတွေက အများကြီးစေလွှတ်ပါတယ်။ အဓိကကတော့ အာဆီယံတက္ကသိုလ် ကွန်ရက်(AUN)အောက်မှာ ရှိတဲ့ AUN/SEED-Net တစ်ခုပါ။ ပါရဂူသင်တန်း၊ မဟာဘွဲ့သင်တန်းတွေ၊ ဘွဲ့လွန်သင်တန်းတွေကို ဂျပန်နိုင်ငံ၊ အရှေ့ တောင်အာရှ နိုင်ငံတွေ စေလွှတ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က တစ်ချို့ ဘာသာရပ်တွေက အလုပ်အကိုင်အခွင့်အလမ်းရဖို့ တိုက်ရိုက်အထောက်အကူ ပြုပါတယ်။ တစ်ချို့ကတော့ တိုက်ရိုက်တော့ မဟုတ်ဘူး။ သွယ်ဝိုက်တော့ အထောက် အကူပြုပါတယ်။ ဥပမာ တိုက်ရိုက်အထောက်အကူပြုတာဆိုရင် ဥပဒေ ပညာရပ်ဆိုရင် ဥပဒေက မွေးထုတ်ပေးတဲ့ ဘွဲ့ရတွေက ဥပဒေနဲ့ပတ်သက်တဲ့ လုပ်ငန်း တွေကို လုပ်ကိုင်နိုင်ပါတယ်။ ထို့အတူ ကုန်ထုတ်ဓာတုဗေဒ ကွန်ပျူတာသိပ္ပံဌာနတို့ဆိုရင် သူတို့က မွေးထုတ်ပေးတဲ့ ဘွဲ့ရတွေကို ဓာတုဗေဒလုပ်ငန်းတွေ IT နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် နည်းပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ကျောင်းသားတွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိပါတယ်။ သွယ်ဝိုက်ပြုတာကတော့ ရန်ကုန် တက္ကသိုလ်က မွေးထုတ်လိုက်တဲ့ ကျောင်းသားတွေက မြန်မာစာဆိုရင်လည်း မြန်မာစာနဲ့ နှီးနွယ်နေတဲ့ အလုပ်အကိုင်တွေရပါတယ်။ အင်္ဂလိပ်စာဆိုရင်လည်း ပုဂ္ဂလိက ကျောင်းတွေမှာ အင်္ဂလိပ်စာ ဆရာတွေဖြစ်ကြတယ်။ အပြင်မှာလည်း အင်္ဂလိပ်စာ အထူး လိုအပ်တဲ့ ဘာသာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းတွေမှာ သွယ်ဝိုက်ပြီး လုပ်နေပါတယ်။ အသုံးချစိတ်ပညာဆိုလည်း အသုံးဝင်တဲ့ ဘာသာရပ်ပေါ့ တိုက်ရိုက်တော့မဟုတ်ဘူး သွယ်ဝိုက်ပြီးတော့ အကျိုးပြုနေတယ်၊ အလုပ်အကိုင် အခွင့်အလမ်းရတယ်။ အကျိုးပြုတယ်။ နောက်တစ်ခုက ပညာရေးဝန်ကြီးဌာန ကိ်ုယ်တိုင်က ထူးချွန်တဲ့ ကျောင်းသားတွေကို ပထမအနေနဲ့ အချိန်ပိုင်းသရုပ်ပြ၊ နည်းပြအနေနဲ့ ခန့်ပေးထားတာ ရှိတယ်။ သူတို့ကို ပြုစုပျိုးထောင်ပြီး အချိန်ပိုင်းသရုပ်ပြနည်းပြအနေနဲ့ ခန့်အပ်ပေးထားတာ ရှိပါတယ်။ ဘာသာရပ်တိုင်း ခန့်အပ်ပေးထားပါတယ်။ ဘာသာရပ် နှစ်ခုရှိပါတယ်။ ရိုးရိုး တန်းက ၄ နှစ်ပေါ့။ ဒုတိယနှစ်ပြီးရင် ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကို ခွဲပါတယ်။ အဲဒီတော့ ရိုးရိုးတန်းကို တက်မယ့်သူတွေက နောက်ထပ် (၂)နှစ် ဆက်တက်ရတာပေါ့။ စုစုပေါင်း  လေးနှစ်ပါ။ ဂုဏ်ထူးတန်းကိုတက်မယ့် လူတွေက နောက်ထပ် သုံးနှစ် ထပ်တက်ရ တာပေါ့။ စုစုပေါင်း ၅ နှစ်ကြာတာပေါ့။ အဆောင်တွေအတွက် ရန်ကုန်မြို့နယ်နိမိတ် ပြင်ပ ကျောင်းသား ကျောင်းသူတိုင်းအတွက် အဆောင်စီစဉ်ပေးပါတယ်။ ရန်ကုန်တက္ကသိုလ်က လူတွေ့ နှုတ်ဖြေ ဖြေရမယ်။ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ဦးစားပေးသီးသန့် လျှောက်ထားတဲ့သူတွေကို လူတွေ နှုတ်ဖြေစာမေးပွဲ ရှိပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ ရခဲ့တဲ့အမှတ်တွေ သတ်မှတ်ထားတဲ့ အရည်အချင်း ကိုက်ညီမယ်ဆိုရင် လူတွေ နှုတ်ဖြေ ဖြေရမယ်။ လူတွေ နှုတ်ဖြေ ဖြေပြီးတော့မှ ရန်ကုန်တက္ကသိုလ်က လက်ခံနိုင်တဲ့ ဦးရေအတွင်းမှာ လက်ခံသွားမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က စုစုပေါင်း ၂၁၃၀ ဦး လက်ခံဖို့ရှိပါတယ်။ မေဂျာအားလုံး စုစုပေါင်း ပါ။ တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့၊ တချို့ဘာသာရပ်တွေကတော့ များများလက်ခံနိုင် တယ်။ သူတို့ရဲ့ ဆရာ ဆရာမဦးရေ သင်ကြားနိုင်တဲ့အပေါ် မူတည်ပြီးတော့ တချို့က များများလက်ခံနိုင်တယ်။ တချို့ကလည်း နည်းနည်းလက်ခံတယ်။ ပျမ်းမျှ အနေနဲ့တော့  ဘာသာရပ်တစ်ခုကို ပျမ်းမျှအနေနဲ့ ၈၀ ဦးလောက် လက်ခံပါတယ်။ ဝင်ခွင့်လမ်းညွှန်က တော့ ထုတ်ပြီးသားပါ။  ဝင်ခွင့်လမ်းညွှန်ကို တက္ကသိုလ် ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က  သက်ဆိုင်ရာနိုင်ငံတဝှမ်းလုံးရှိ စင်တာတွေ ထုတ်ပေးပြီးဖြစ်ပါတယ်။ တက္ကသိုလ် ဝင်ခွင့်နဲ့ ပတ်သက်တာကော နောက်ဒီ ရန်ကုန်တက္ကသိုလ်အကြောင်းကော www.uy.edu.mm မှာ ကြည့်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်က ပြောချင်တာ မကြာခင်နှစ် ၁၀ဝ ပြည့် တော့မှာပါ။ ရန်ကုန်တက္ကသိုလ်ကို ရုပ်ပိုင်းဆိုင်ရာကော  ပညာရေးဆိုင်ရာကော အဆင့် မြှင့်တင်ဆောင်ရွက်နေပါတယ်။ ကျောင်းသား ကျောင်းသူဟောင်းတွေကော မိဘဆရာ တွေကော ယခုလက်ရှိ ကျောင်းသားကျောင်းသူတွေကော အားလုံးဝိုင်းဝန်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဝိုင်းဝန်းပူးပေါင်းဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဝိုင်းဝန်းပူးပေါင်းတဲ့အခါ လူအား၊ ကာယအား၊ ဉာဏအား၊ ငွေအားအကုန်လုံးကို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”ဟု ပါမောက္ခချုပ်က ဆိုသည်။ 

ရန်ကုန်တက္ကသိုလ်သည် နိုင်ငံ့ခေါင်းဆောင်များ အသိပညာရှင် အတတ်ပညာရှင် များသာမက ထင်ရှားကျော်ကြားလှသော အနုပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားများစွာတို့ကိုလည်း မွေးထုတ်ပေးခဲ့ပါသည်။

“  ရန်ကုန်တက္ကသိုလ်ရဲ့ အနုပညာအသင်းကတော့ အစဉ်အလာရှိတဲ့အသင်းပါ။ အနုပညာ အသင်းမှာဆို၊က၊ ရေး၊ တီး အကုန်ပါတယ်။ အနုပညာအသင်းအောက်မှာ ပန်းချီအသင်း ရှိပါတယ်။ ဒါတွေကို ကျောင်းသားဟောင်းတွေက ပံ့ပိုးပါတယ်။ ရန်ကုန်တက္ကသိုလ်အတွက် အနုပညာရှင်တွေကလည်း ပံ့ပိုးပါတယ်။ ပန်းချီပညာရှင်တွေ ကလည်း လာရောက် သင်တန်းပို့ချတာရှိ်တယ်။ ပညာရှင်တွေကလည်း နှစ်စဉ်သင်ကြား ပို့ချတာ ရှိတယ်။ ပြီးတော့ ပန်းချီဆိုရင် သင်တန်းဆင်းပန်းချီပြပွဲလုပ်တယ်။ နောက်တစ်ခါ ဂျပန်၊ တရုတ်တက္ကသိုလ်က ပန်းချီပညာရှင်တွေနဲ့ပေါင်းပြီး ပြပွဲလုပ်ပါတယ်။ အနုပညာ အဆင့်အနေနဲ့လည်း ကျောင်းကပြပွဲတွေ ကူညီပါတယ်။ အနုပညာအသင်းကထွက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးတို့ ခေါင်းဆောင်မှု စွမ်းရည်တို့ အဲဒါတွေလုပ်တဲ့အခါမှာလည်း အထူးအရေးပါ အဖွဲ့အစည်းဖြစ်ပါတယ်။ အလားတူ အားကစားနဲ့ပတ်သက်တဲ့ဌာနလည်းရှိပါတယ်။ အားကစားအသင်းအဖွဲ့လည်း ရှိပါတယ်။ သူတို့ကလည်း သက်ဆိုင်ရာ အားကစားအောင်မြင်တဲ့သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက် နေပါတယ်။ 
ရန်ကုန်တက္ကသိုလ်ကွာခြားချက်က နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။  ရန်ကုန်တက္ကသိုလ်က အင်တာနက်ပေါ်ရှိ Ranking အနေနဲ့  မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာတော့ Ranking  အနေနဲ့ ၈၀ဝ၀ ကျော်ရှိပါတယ်။ တက်လာတာတွေ့ရပါတယ်။  အရင်ဝင်လာတဲ့ ကျောင်းသား ကျောင်းသူ အနေနဲ့မတူဘူး၊ ရန်ကုန်တက္ကသိုလ်ဝင်လာတဲ့ ကျောင်းသား ကျောင်းသူ တွေက အတော်ထူးချွန်တယ်။ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်အောင်လာတဲ့ ကလေးတွေရှိတယ်။ ခုဆိုရင် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မီရဲ့သားနဲ့ မသွားဘဲ ဒီကိုလာတက်တာရှိပါတယ်။ တက်တဲ့သူတွေဘာသာရပ်တွေမှာ ထူးချွန်တဲ့ သူတွေကိုလည်း နိုင်ငံတော်ကလည်း ပညာသင်ဆုပေးပါတယ်။ ဝိဇ္ဇာထူးချွန်သူ၊ သိပ္ပံ ထူးချွန်သူ တစ်လကို တစ်သိန်းပေး ပါတယ်။ အဲဒါလည်း ထူးခြားပါတယ်။ ဟိုအရင်ကလည်း ရှိပါတယ်။ သိပ္ပံချွန်ဆိုတာ ရှိပါတယ်။ အခုတော့ ဝိဇ္ဇာချွန်ကော၊ သိပ္ပံချွန်ကော ဘာသာရပ်အကုန်လုံးနီးပါး စာသင်နေတုန်း တစ်လျှောက်လုံး ချီးမြှင့်သွားမှာ ဖြစ်ပါတယ်”ဟု ပါမောက္ခချုပ်က ပြောသည်။ 

ရန်ကုန်တက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျှောက်ထားသူများသည် ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ (မှတ်ပုံတင်မိတ္တူများ ပူးတွဲတင်ပြရန်)။ ဤတက္ကသိုလ်မှ သတ်မှတ် ထားသောစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း မည်သည့်ဒေသမှမဆို တန်းတူလျှောက်ထားနိုင်သည်။ လျှောက်ထား လိုသူများသည် ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက် ထားရမည်။ စုစုပေါင်း ကျောင်းသား ကျောင်းသူ ဦးရေ ၂၁၃၀ ဦး လက်ခံမည်။ 

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်ပါ စာမျက်နှာ (၃၄)၊ အပိုဒ်(၁၆)တွင် ရေးသားဖော်ပြထားသော ရန်ကုန်တက္ကသိုလ် အတွက် လမ်းညွှန်ချက်ကို သေချာစွာ ဖတ်ရှုရန် လိုအပ်ပါသည်။
(ရန်ကုန်တက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့် အရည်အချင်း သတ်မှတ်မှုဇယားကို သီးခြားဖော်ပြထားပါသည်။)

တက္ကသိုလ်ဝင်ခွင့်ကို အရည်အချင်းစစ် လူတွေ့နှုတ်ဖြေ စာမေးပွဲဖြင့် ရွေးချယ် ဆောင်ရွက်ပါမည်။ ဘူမိဗေဒဘာသာရပ်သို့ လျှောက်ထားသူများသည် လူတွေ့ နှုတ်ဖြေစာမေးပွဲအပြင် သတ်မှတ်ထားသော စည်းမျဉ်းနှင့်အညီ မိုင် ၂၀ လမ်းလျှောက် နိုင်ရမည်။ ဝေးလံခေါင်ဖျားဒေသများမှ လျှောက်ထားသော ကျောင်းသား ကျောင်းသူများ အတွက် ခွဲတမ်းကို ဘာသာရပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ ၂ ရာခိုင်နှုန်း ထားရှိ မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ခွင့်ရရှိသူအမည်စာရင်းကို www.uy.edu.mm တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ကြော်ငြာ သင်ပုန်းတွင်လည်းကောင်း ထုတ်ပြန်ကြေညာပေးပါမည်။ အသေးစိတ် သိရှိ လိုပါက ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း(သင်တန်း) ဝ၁-၅၃၄၀၂၄၊ လက်ထောက် မော်ကွန်းထိန်း(ကျောင်းသားရေးရာ) ဝ၁-၅၃၄၃၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အပိုဒ်(၁၆)ပါ အပိုဒ်ခွဲများနှင့် ကိုက်ညီသူများကိုသာ လက်ခံမည်ဖြစ်ပြီး အပိုဒ်ခွဲများနှင့်ကိုက်ညီမှုမရှိသည့် လျှောက်လွှာများကို လုံးဝ လက်ခံမည်မဟုတ်ပါ။ ရန်ကုန်တက္ကသိုလ်သို့ လျှောက်ထားသူ သည် ရန်ကုန်တက္ကသိုလ်ရှိ ဘာသာရပ် ၂၆ ခု အနက် သုံးခုကိုသာ ဦးစားပေး လျှောက်ထားခွင့်ရှိပါသည်။ ဝင်ခွင့်လျှောက်လွှာပါ ဦးစားပေး(၁)တွင် ရန်ကုန်တက္ကသိုလ်ကို လျှောက်ထားသူများသည် မိမိလျှောက်ထား သော ဘာသာရပ်၏ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဝင်ခွင့်ပုံစံကို ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ပြီး လူတွေ့ဖြေဆိုရမည်ဖြစ်ပါသည်။ ဘာသာရပ်ဌာနအလိုက် လူတွေ့ ဖြေဆိုရမည့်ရက်နှင့် အချိန်ကို အချိန်မီ ကြေညာပေးမည်ဖြစ်ပါသည်။ ဝင်ခွင့် ဖြေဆိုခွင့်ရှိသူ အမည်စာရင်းကို ဖုန်းဖြင့် အကြောင်းကြားခြင်း၊ ရန်ကုန်တက္ကသိုလ် website ဖြစ်သော www.uy.edu.mm တွင် ကြေညာပေးမည်ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကို ပထမဦးစားပေးလျှောက်ထားသူများအနက် ၂၇-၇-၂၀၁၉(စနေနေ့)   နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်၌ လူတွေ့ဖြေဆိုရမည် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများ သတိပြုရမည့်အချက်များမှာ စာတိုက်မှတစ်ဆင့် ဝင်ခွင့်လျှောက်ထားသူများသည် အချိန်မီ ပေးပို့ပေးရန် လိုပါသည်။ ဝင်ခွင့်ဖြေဆိုဖို့ အကြောင်းကြားပေးနိုင်ရန်အတွက် ဆက်သွယ်ရမည့်   ဖုန်းနံပါတ်များ၊ ဖြည့်စွက်ထားရန်လိုအပ်သည်။ ဦးစားပေးတွင်ပါဝင်သူများအားလုံး လူတွေ့ ဖြေဆိုရမည်။ လူတွေ့ဖြေဆိုရန် ရက်၊ အချိန် မသိ၍ ပျက်ကွက်သူများကို နောက်ဆက်တွဲ ဖြေဆိုခွင့်မရှိ။ ရန်ကုန်တက္ကသိုလ်ထက် အမှတ်မြင့်သောတက္ကသိုလ်များမှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ခွင့်မရှိ။ ရန်ကုန် တက္ကသိုလ်တွင်း ဝင်ခွင့်ရရှိသော ဘာသာရပ်များအချင်းချင်း အမှတ်မီ၍ ပြောင်းရွှေ့လိုပါက ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့၏ ဆုံးဖြတ်ချက် အတိုင်းဖြစ်သည်။ အခြား ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များမှ အမှတ်မီ၍ ပြောင်းရွှေ့ခွင့် လျှောက်ထားခြင်းအား ခွင့်မပြု။

လာမည့်နှစ်တွင် နှစ် ၁၀ဝ ပြည့်မြောက်တော့မည့် ရန်ကုန်တက္ကသိုလ်ကြီးက လူ့ဘောင်လူ့လောက၏ ကောင်းကျိုးအဖြာဖြာ ဝေဆာဖို့အတွက် စွမ်းဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များစွာတို့ကို စဉ်ဆက်မပြတ် မွေးထုတ်ပေး လျက်ရှိနေဆဲ။

“ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်တော့မယ်။ ရန်ကုန်တက္ကသိုလ်ကို ပညာရပ်ပိုင်း ဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော အဆင့်မြင့်ဖို့လုပ်တယ်။ ရန်ကုန်တက္ကသိုလ် သက်ဆိုင်တဲ့ ကျောင်းသားကျောင်းသူဟောင်း၊  မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ မိဘ ဆရာတွေအားလုံးပူးပေါင်း ဆောင်ရွက်ပြီး ရန်ကုန်တက္ကသိုလ် တိုးတက်ရာ တိုးတက်ကြောင်း ကူညီပါလို့ မေတ္တာရပ်ခံပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအညီ ရှေ့ဆောင် ဂုဏ်ဆောင်တက္ကသိုလ်  ဂုဏ်သိက္ခာအညီ တက္ကသိုလ်ကျောင်းသားတွေ ဂုဏ်သိက္ခာထိန်းပါ၊ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားပါ။ ဘာသာရပ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ကိုယ့် တက္ကသိုလ်ကိုလည်း တိုးတက်အောင် ကူညီဆောင်ရွက်ကြပါ”ဟု ဆိုသည့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဦးဖိုးကောင်း၏ အမှာစကားကလည်း  အမိတက္ကသိုလ်၏ ဂုဏ်ရောင်ကို ဆက်လက်ထွန်းပြောင်စေမည့် နှိုးဆော် တိုက်တွန်းစကားဟုသာ ဆိုရပါမည်။

သတင်းဆောင်းပါး - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ရဲထွဋ်
 

002