နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဆပ်ကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ အောင်ဆန်းရုပ်ရှင် ဇာတ်ကား ဒါရိုက်တာ ဦးလူမင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဝင် များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ငယ်ခေါင်းဆောင်များ မြန်မာ့သမိုင်းပညာရှင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုဆိုလျှင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ကစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအဖြစ် ပြန်လည်ခေါင်းထောင်လာသည့်အတွက် ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တရပ်နားထားခဲ့ရပြီး ရောဂါဖြစ်ပွားမှု ရပ်တန့်သွားချိန်တွင် ပြန်လည် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်းကို သိခွင့်ရသည့်အတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ရုပ်ရှင်ရိုက်ကူးရေးကိစ္စရပ်များ ခေတ္တရပ်နားထား ချိန်တွင် Red Radiance Co., Ltd မှ Computer နည်းပညာရှင်များဖြင့် လိုအပ်သော တည်းဖြတ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ 3D Graphic များ၊ Animation Effect များ ဖန်တီး ဆောင်ရွက် ခြင်းစသည့်လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော အမိန့်ညွှန်ကြားချက်များကို လိုက်နာ၍ ဆောင်ရွက်လျက်ရှိကြောင်း။
ရုပ်ရှင်ဇာတ်ကားကြီး ပီပီပြင်ပြင် ရိုက်ကူးနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ကူညီပံ့ပိုးပေးခြင်း၊ လက်နက်များအတွက် လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တပ်မတော်သား အင်အား ၂၅၀ အား ရိုက်ကူးရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ခြံအမှတ် (၈၀)၊ ခြံအမှတ် (၁၂၀)တို့ တွင်လည်းကောင်း တပ်မတော်စစ် သမိုင်းပြ တိုက်၊ အမှတ် ၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ)တို့တွင် လည်းကောင်း ရိုက်ကူးခွင့်ရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေးခဲ့ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းတွင်ရှိသည့် “အနုပညာ ရပ်ဝန်း” အတွင်းတွင် ရိုက်ကူးခွင့်ရရှိရေးအတွက် ပံ့ပိုးကူညီပေးခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့များ ကလည်း ရိုက်ကူးရေးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ယခုအခါ ရုပ်ရှင်ရိုက်ကူးမှုရက်ပေါင်း ၁၁၅ ရက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ရိုက်ကူးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် ရိုက်ကူးပြီးစီးသော ဇာတ်လမ်းအခန်းစဉ်များထဲမှ Computer နည်းပညာ အသုံးပြုရမည့် ဇာတ်ဝင်ခန်းများအတွက် ရုပ်ရှင် ဆိုင်ရာ Computer အထူးပြုလုပ်ချက် နည်းပညာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပ၍ ကြိုတင်ပြင်ဆင်ဆောင် ရွက်ခဲ့ခြင်းတို့ ကြောင့် လည်းကောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင်လည်း အပြန်အလှန်ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးသည် အများပြည်သူများ မျှော်လင့်ထားသကဲ့သို့ အရည်အသွေး ပြည့်မီသော ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပေါ်ထွက် လာမည်ဟု ယုံကြည် မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီဦးစိုးမိုး၊ ဒါရိုက်တာ ဦးလူမင်းနှင့် သမိုင်းပညာရှင်များ၊ Red Radiance Co., Ltd မှ Computer ပညာရှင် များ၊ ဝတ်စုံဒီဇိုင်း ပညာရှင်များက “အောင်ဆန်းရုပ်ရှင်” ရိုက်ကူးပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို အကြံပြုညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အောင်ဆန်း ရုပ်ရှင်အား Press Show မပြမီ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သမိုင်းပညာရှင်များ၊ တတ်သိ ပညာရှင်များအား ဖိတ်ကြားပြီး Tri Show ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


