၁၅ မတ်

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များမှာ မတ် ၁၄ ရက်က ပြီးဆုံးသွားပြီဖြစ်သောကြောင့် ဒုတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

ဒုတိယအဆင့်တွင် MNL ထိပ်သီးအသင်းများ ပါဝင်လာမည်ဖြစ်ပြီး ပထမအဆင့်မှ တက်ရောက်လာသည့် ငါးသင်း၊ ဒုတိယအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်မည့် ကိုးသင်း စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒုတိယအဆင့်ပွဲများကို မေ ၁၊ ၈၊ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မေ ၁ ရက်တွင် ဧရာဝတီအသင်းနှင့် ရတနာပုံ အသင်း၊ တက္ကသိုလ်အသင်းနှင့် ဟံသာဝတီအသင်း၊ မေ ၈ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ ရခိုင်အသင်းနှင့် ဇွဲကပင်အသင်း၊ မကွေးအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ မေ ၁၅ ရက်တွင် ဒဂုံအသင်းနှင့် စစ်ကိုင်းအသင်း၊ Southern အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ထိပ်သီးအသင်းနှစ်သင်းဖြစ်သည့် ရတနာပုံနှင့် ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အသင်းကြီးတစ်သင်းမှာ ပြိုင်ပွဲကို စောစီးစွာနှုတ်ဆက်ရမည်ဖြစ်သည်။

ဧရာဝတီအသင်းသည် ရှုံးထွက်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ရတနာပုံအသင်းမှာမူ အမြင့်ဆုံးဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့်အသင်းဖြစ်သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာမူ ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး Southern နှင့် ငွေကြယ်ပွင့်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၁၉၊ ၂၀ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ပရိုလိဂ်ကူးပြောင်းပြီးနောက်ပိုင်း ရှုံးထွက်ပြိုင်ပွဲတွင် အသင်းငါးသင်း ဗိုလ်စွဲထားပြီး ဧရာဝတီအသင်းက သုံးကြိမ်၊ ရန်ကုန်အသင်းက နှစ်ကြိမ်၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်