နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပွဲစဉ်ရေးဆွဲမှုအရ ပြိုင်ပွဲ၏အအောင်မြင်ဆုံး အသင်းဖြစ်သည့် ဧရာဝတီအသင်းသည် ရတနာပုံအသင်းနှင့် ဒုတိယအဆင့်တွင် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

 

ပြိုင်ပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲဟူ၍ အဆင့်များ ခွဲခြားကျင်းပမည်ဖြစ်ပြီး ပထမအဆင့်တွင် MNL-2 (ပထမတန်း) အသင်း ရှစ်သင်းနှင့် MNL ကလပ် နှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

 

ဒုတိယအဆင့်တွင် MNL အသင်းကြီးများ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာမူ ကွာတားဖိုင်နယ် အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

 

ပွဲစဉ်ရေးဆွဲမှုအရ ပထမအဆင့်တွင် ကချင်ယူနိုက်တက်နှင့် မြဝတီ၊ ရွိုင်ရယ်သန်လျင်နှင့် တက္ကသိုလ်၊ အား/ကာသိပ္ပံနှင့် ချင်းယူနိုက်တက်၊ မောရဝတီနှင့် ဒဂုံ၊ Chinland နှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

ပထမအဆင့်ပွဲများကို မတ် ၁၃၊ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဒုတိယအဆင့်ပွဲများအဖြစ် ရှမ်းယူနိုက်တက်နှင့် ကချင် (သို့) မြဝတီ၊ ရွိုင်ရယ်သန်လျင်(သို့) တက္ကသိုလ်နှင့် ဟံသာဝတီ၊ မကွေးနှင့် အားကာသိပ္ပံ (သို့) ချင်းယူနိုက်တက်၊ ရခိုင်နှင့် ဇွဲကပင်၊ ဧရာဝတီနှင့် ရတနာပုံ၊ မောရဝတီ (သို့) ဒဂုံနှင့် စစ်ကိုင်း၊ Southern နှင့် Chinland (သို့) ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁၊ ၈၊ ၁၅ ရက်၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို မေ ၁၉၊ ၂၀ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ်ရေးဆွဲပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဧရာဝတီအသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများက မဲနှိုက်ရေးဆွဲပေးခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်