၁၃ မတ် 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် (ပထမနေ့) ကို ယနေ့ညနေပိုင်းက စတင်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီနှင့် တက္ကသိုလ်အသင်းတို့ နောက်တစ်ဆင့် တက်ရောက်သွားသည်။ 

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ချင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေသည့် အား/ကာသိပ္ပံအသင်းသည် ယခုပွဲတွင်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး နိုင်ငံခြားသားကစားသမားများပါဝင်သည့် ချင်းယူနိုက်တက်အသင်းကို အနိုင်ယူကာ ဒုတိယအဆင့်သို့ တက်ရောက်ခဲ့သည်။ အမာခံကစားသမားများ အစုံအလင် ပါဝင်လာသည့် ချင်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားများ ခြေစွမ်းမပြနိုင်သောကြောင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရသည်။

ချင်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း အား/ကာသိပ္ပံအသင်းက ခံစစ်ကို စနစ်တကျကစားကာ ချင်းယူနိုက်တက်၏ အားနည်းချက်ကို အသုံးချကာ တိုက်စစ်ဆင်ခဲ့သည်။ ၂၂ မိနစ်တွင် အား/ကာသိပ္ပံအသင်း ဂိုးစရခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ပြည့်မောင်မောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ၂၈ မိနစ်တွင် ချင်းယူနိုက်တက်အသင်း ချေပဂိုးပြန်ရနိုင်သည့်အခွင့်အရေးရခဲ့သော်လည်း တိုက်စစ်မှူး တေလာ ပယ်နယ်တီကိုဝင်အောင် မသွင်းနိုင်၍ နစ်နာခဲ့ရသည်။ ချေပဂိုးရအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် ချင်းယူနိုက်တက်အသင်းသည် ၃၅ မိနစ်တွင် ဂိုးထပ်ပေးလိုက်ရပြီး ခင်ကျော်ဝင်းက အား/ကာသိပ္ပံအသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ချင်းယူနိုက်တက်အသင်း ချေပဂိုးပြန်ရခဲ့ပြီး ဆာကေးက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ချင်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အား/ကာသိပ္ပံဂိုးသမား ဇင်ညီညီအောင် လက်စွမ်းပြကာကွယ်နေ၍ ချေပဂိုးနှင့်ဝေးခဲ့ရကာ ပထမပိုင်းရလဒ်အတိုင်း အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ကချင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၄၀ တွင် သက်ပိုင်ကို၊ ၇၂ မိနစ်တွင် လှမျိုးခိုင်တို့က သွင်းယူခဲ့သည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် တက္ကသိုလ်အသင်းက ရွိုင်ရယ်သန်လျင်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရွိုင်ရယ်သန်လျင်အသင်းသည် ၃၊ ၁၈ မိနစ်တွင် စိုင်းဇိုင်းမွန် သွင်းယူသည့်နှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း လေးဂိုးပြန်ပေးခဲ့ရသောကြောင့် တက္ကသိုလ်အသင်းကို အရေးနိမ့်ကာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။ တက္ကသိုလ်အသင်းအတွက် ချေပဂိုးများကို ၂၂ မိနစ်တွင် ပြည့်ဖြိုးကျော်၊ ၂၈ မိနစ်တွင် ရဲမင်းဦးတို့က သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ပြီး တက္ကသိုလ်အသင်းအတွက် အနိုင်ဂိုးများကို ၆၄ မိနစ်တွင် ပြည့်ဖြိုးကျော်၊ ၈၇ မိနစ်တွင် လပြည့်ဟိန်းတို့က သွင်းယူခဲ့သည်။

ပထမအဆင့် (ဒုတိယနေ့)ကို မတ် ၁၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မောရဝတီအသင်းနှင့် ဒဂုံအသင်း၊ အောင်ဆန်းကွင်း၌ Chinland အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်