ရန်ကုန် ၁၃ ဖေဖော်ဝါရီ
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်ပြည့် မွေးနေ့အလှူအဖြစ် Taw Win Art Gallery က ကြီးမှူး၍ ပန်းဘဲတန်းမြို့နယ်နေ ပန်းချီ ဆရာ၊ ဆရာမများ ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားများ စုစည်းပြသသည့် ပန်းချီပြပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၌ ကျင်းပသည်။
ပန်းချီပြပွဲနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ဒီနေ့ပြပွဲလေးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းဘဲတန်းမြို့နယ် ပန်းချီအစည်းအရုံးက ဦးဆောင်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီပြပွဲလေးလုပ်တာပါ။ ဒီကရောင်းရတဲ့ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ အခုလို အထင်ကရ အမျိုးသားခေါင်းဆောင်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ် အမှတ်တရဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်းပုံတွေကိုပဲ အထူးသီးသန့် ရေးဆွဲကြပြီး ဒီနေ့ပြသတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်တွေ နောက်ကလေးတွေ ရင်ထဲမှာ ကိန်းအောင် အောင်လို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်က အမှန်တရားကို မြတ်နိုးတယ်၊ တိုင်းပြည်အတွက် သူ့ရဲ့ကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခဲ့တဲ့ စိတ်ထားကို အခုခေတ်ကလေးတွေ သိစေချင်တယ်။ ဗိုလ်ချုပ်ရဲ့ပန်းချီကားတွေက ဗိုလ်ချုပ်ရဲ့သမိုင်းတွေကို ပြောပြလို့ရတဲ့ အနေအထားတွေရှိတယ်။ ဒါတွေကို ပန်းချီ ဆရာတွေက ပုံဖော်ပြသထားပြီး လာရောက်ကြည့်ရှုတဲ့သူတွေကို ပန်းချီဆရာတွေက ပြန်ရှင်းပြတာတွေ လုပ်စေချင်တယ်။ ဗိုလ်ချုပ်ရဲ့ အတုယူစရာတွေကို နမူနာယူပြီး နောင်လာ နောက်သား ကလေးတွေအတွက် တိုင်းပြည်ချစ်စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်တွေ ပေါ်ပေါက်လာအောင် ကိုယ့်မြို့နယ်ထဲမှာ အခွင့်အခါသင့်တိုင်း ဒီလိုပွဲမျိုးတွေကို ပြသဖို့အတွက် ကြိုးစားရတာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါပန်းချီပြပွဲကို ယနေ့မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ (၄)ရက်တိုင် ပြသသွားမည်ဖြစ်ရာ ပန်းချီကား တစ်ကားလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဝယ်ယူအားပေးနိုင်ပြီး ပန်းချီကား ရောင်းရငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - ရီရီမြင့်


