အိမ်မဲ ၁၃ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(၁)ရွေညီလာခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ် လုပ်ငန်းရှင်များ ပူးပေါင်းကျင်းပသော ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် မော်ကွန်းရုပ်ရှင်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက် နံနက်၁၀ နာရီကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အထက(၁) ရွေညီလာခန်းမရှေ့၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ရီရီထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးတက်တိုး၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်လုပ်ငန်းရှင် ဦးမြင့်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်၊ ဗိုလ်ချုပ်အောင်ဆန်း ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝ မှတ်တမ်း၊ စည်းရုံးရေး ခရီးစဉ်နှင့် နိုင်ငံရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်တွင် ပါဝင်ဆောင်ရွက်မှုမှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုမှတ်တမ်းဓာတ်ပုံများနှင့် မော်ကွန်းရုပ်ရှင်ကို ဝေဝေဆာဆာ ပြသထားရှိရာ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်လာသူများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပဲပြုတ်နှင့် နံပြားများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)
