ကွန်ဟိန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပြသခဲ့သည်။

 

အဆိုပါပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝမှတ်တမ်းများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့မှု မှတ်တမ်းများ၊ သုတ/ရသ စာအုပ်၊ စာစောင်များပြသခဲ့သည်။ ပြပွဲအား အများပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများအား သိရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပြည့်(ပြန်/ဆက်)


လေးမျက်နှာ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

အထိမ်းအမှတ်ပွဲတွင် လေးမျက်နှာမှုကြိုကျောင်းမှ ကလေးငယ်များက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေခြင်း၊ ကလေးငယ်များအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်) 

 

ကျောင်းကုန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေး၊ မြို့အဝင်၌ တည်ဆောက်ပြီးစီးသည့် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေနှင့် တည်ဆောက်ရေးကော်မတီမှ ဒေါက်တာသန်းနိုင်ဦး တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ရဲဘော်အပေါင်းအား  အလေးပြုခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် က အမှာစကားပြောကြားခဲသည်။

 

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသည် အမြင့် ၉ ပေ ၄ လက်မ ရှိပြီး ကြေးပိဿာချိန် (၄၀၀) ခန့်ရှိကာ စုစုပေါင်းကုန်ကျငွေ ကျပ်(၂၄၀)သိန်း ဖြစ်ကြောင်း တည်ဆောက်ရေးကော်မတီထံက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

 

ရေစကြို 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်  ပဲပြုတ်နှင့်နံပြား ကျွေးမွေးခြင်းကို   ဖေဖော်ဝါရီ ၁၃ ရက် နံနက်က ရေစကြိုမြို့ လွတ်လပ်ရေးပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့နှင့် ရပ်ကွက်ကျေးရွာ  အချို့တွင်  အလှူရှင် ကုသိုလ်ရှင်များမှ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျွေးမွေး ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။    

အိမွန်ဆွေ(ရေစကြို)

 

ပုသိမ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၁၀၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေး​နေ့အထိမ်းအမှတ် " အောင်ဆန်းဂုဏ်ရည်" စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အထက ၁ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သန်း တို့က အမှာစကားပြောကြားကြသည်။

 

ထိုနောက် " အောင်ဆန်းဂုဏ်ရည်" ခေါင်းစဉ်ဖြင့် ဉီးစန်းငွေ၊ ကဗျာဆရာဉီးတိုးဝေ၊ အခြေခံပညာ အထက် တန်းကျောင်း(သလပ်ခွာ)မှ အထက်တန်းပြဆရာ ဉီးအားမာန်ထက်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဆွေ တို့က စကားဝိုင်းဆွေးနွေးကြသည်။

 

တက်လာကြသော ကျောင်းသား/သူများက သိလိုများကို မေးမြန်းကြရာ၊ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

 

အခန်းအနားသို့ အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သန်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၀၀ ​ ကျော် တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)

 

သံတောင်ကြီး                       

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ထူးဈာန်က ဗိုလ်ချုပ်၏ ရဲရင့်သောစိတ်ဓာတ်၊ ရဲစွမ်းသတ္တိရှိပုံနှင့် ဗိုလ်ချုပ်၏ လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးစောကလိုဒီထူးက ကျောင်းသား၊ လူငယ်များအား ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ပြောကြားပြီး ကျောင်းသား လူငယ် လူရွယ်များ သိရှိအတုယူစေရန်အတွက် ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး နော်လော်မူက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် သံတောင်ကြီးမြို့အတွင်းရှိကျောင်းများမှ (၁၀၅) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်သည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသည့် ကျောင်းသူ ကျောင်းသားများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

နော်လော်မူ (ပြန်/ဆက်)

 

ရွှေဘို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်နွယ်နွယ်အောင်မှ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဖေဖော်ဝါရီ(၁၃)ရက်နေ့ရောက်တိုင်း ကလေး‌များနေ့ အခမ်းအနားကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မူလတန်းကြို ကျောင်းပေါင်းစုံမှ သားငယ်/သမီးငယ်များက တို့ချစ်တဲ့ကမ္ဘာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး ထိုသားငယ်/သမီးငယ်များကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်တင့်တင့်() ဒေါ်ချူးချူး မှ အရုပ်များ ပေးအပ်ခဲ့သည်။

 

ထို့နောက် ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုလူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း စုစုပေါင်း(၁၂)ကျောင်းမှ သားငယ်/သမီးငယ်များမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)

 

ဇီးကုန်း  

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျ‌‌ရောက်သော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့အကြို ကလေးပဒေသာကပွဲကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်တု နှင့် အာဇာနည်ရင်ပြင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဌာနတို့နှင့်ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက် ည နာရီက ရန်ကုန်-ပြည်ကားလမ်းရှိ မြို့နယ်ပြည်သူ့ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ  ကလေးပဒေသာကပွဲတွင် ဇီးကုန်းမြို့နယ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူလေးများက  တိုင်းရင်းသားရိုးရာ အကများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေသော အက အလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကပြဖျော်ဖြေခဲ့သော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများ ဂုဏ်ပြု ဆုလက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

ပြောင်းလဲတိုးတက်လာသော ပညာရေးအစီအစဉ်များအရ ကလေးငယ်များ ဘက်စုံထူးချွန် တတ်မြောက်ရန်နှင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြူစင်သောစိတ်ဓာတ်၊ ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်၊ အမျိုးကို ချစ်တတ်ပြီး စည်းကမ်းဉပဒေကို လေးစားတန်ဖိုးထားတတ်သောစိတ်ဓာတ်၊ ပွင့်လင်း၍ မဟုတ်မခံသော စိတ်ဓာတ်များကို ယနေ့လူငယ်များ သိရှိအတုယူနိုင်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ကလေးပဒေသာကပွဲသို့ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ဇီးကုန်း)

 

မယ်စဲ့ ​

လွတ်လပ်​ရေးဗိသုကာကြီး ဗိုလ်ချုပ်​အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် ​မွေး​နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ က​လေးစာ​ပေပြပွဲ၊ နံရံကပ်စာ​စောင်နှင့် ဓာတ်ပုံပြပွဲကို ယ​နေ့နံနက် ၉ နာရီက မယ်စဲ့မြို့ ပြန်ကြား​ရေးနှင့်ပြည်သူ ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ ဒေါ်​စောဝတ်ရည်က ဗိုလ်ချုပ်၏ အတုယူ​လေးစား​လောက်သည့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်တည်ကြည်မှု၊ ဇွဲလုံးလများကို ကျောင်းသား၊ ​ကျောင်းသူများ သိရှိ​စေလို​ကြောင်းနှင့် ​နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပခုံး​ပြောင်း တာဝန်ယူကြမည့် အနာ ဂတ်မျိုးဆက်သစ်များအ​နေဖြင့် ဗိုလ်ချုပ်ကို အားကျအတုယူကာ နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်း​ဆောင်ကြ​စေလို​ကြောင်း ​​ပြောကြားသည်။

 

ထို့​နောက် က​လေးစာ​ပေနှင့်ပတ်သက်သည့် စာအုပ်စာ​စောင်များကို ပြသရာ တက်​ရောက်လာသည့် ကျောင်းသား၊ ​ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှု​လေ့လာကြပြီး ဗိုလ်ချုပ်​မွေး​နေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ဗိုချုပ်​အောင်ဆန်းနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ နံရံ ကပ်စာ​စောင်များကို ဆက်လက်ကြည့်ရှု​လေ့လာခဲ့​ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

 

နမ့်ဆန်           

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းထားထားလှိုင်က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဝံ့သည့်စိတ်ဓာတ်၊ နိုင်ငံ့အတွက် သက်စွန့်ကြိုးပမ်းခဲ့ပုံများကို လူငယ်များသိမှတ်ထားနိုင်ရန်၊ ဗိုလ်ချုပ်၏ ဖြောင့်မတ်တည်ကြည်သော စိတ်ထားကို ကလေးများတို့က အတုယူအားကျစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများကို  ကျောင်းသား ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အလက(၁)ထခွဲကျောင်း၊ အမက(၆)၊ အမက(၄)၊ အမက(၃)၊ အမက(၁)နှင့် အမက(၅)ကျောင်းများတို့မှ မူလတန်းဆင့် ကျောင်းသား ကျောင်းသူ (၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များတို့က အသီးသီးဆုချီးမြှင့်ပေး ခဲ့ကြကြောင်း သိရသည်။

 

ပြိုင်ပွဲအပြီးတွင် မြို့နယ် ပြန်/ဆက်ရုံးမှ ခင်းကျင်းပြသထားသည့် ပလောင်(တအာင်း) တိုင်းရင်းသားရိုးရာ ပစ္စည်းများ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များတို့ကို ကလေးများတို့က ကြည့်ရှုခဲ့ကြပြီး COSC ​ ဘော်ဒါဆောင် အငြိမ်းစားဆရာမကြီး ဒေါ်မြမြခင်က နံပြားပဲပြုတ်ကို အာဟာရအဖြစ် ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)