နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ယနေ့ကျရောက်သည့် ပြည်ထောင်စု၏ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အထိမ်းအမှတ် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ ကျင်းပသည်။
ဖျော်ဖြေပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖျော်ဖြေပွဲ အခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တီးဝိုင်းအဖွဲ့နှင့်တွဲဖက်ကာ “ရွှေအဆင်းနဲ့ပြည်မြန်မာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်၊ ယိမ်းအကနှင့် ရုပ်သေးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “အောင်ဆန်းမော်ကွန်း” ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ကာ ဖျော်ဖြေပွဲကို ရုပ်သိမ်းလိုက်သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြဇာတ်ရုံအနီး ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဖွဲ့ဆိုထားသည့် ကဗျာ မှတ်တမ်းဓာတ်ပုံများအား ဖျော်ဖြေပွဲသို့ တက်ရောက်လာကြသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်