ဆော ၁၃ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ရုပ်/သံကျွမ်းကျင်-၃ ဒေါ်ခင်ရီက ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖိတ်ကြားထားသည့် ပန်းချီဆရာ ဦးမြင့်ဝင်းက ပြိုင်ပွဲ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသားများကို ဆရာဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန ရုပ်/သံကျွမ်းကျင်-၃ ဒေါ်ခင်ရီက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)