ကျောင်းကုန်း ၁၂ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မူကြိုကလေးငယ်များ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

8536

 

ကျောင်းကုန်းမြို့ ကိုယ့်အားကိုယ်ကိုး စေတနာမူကြိုကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ဗိုလ်ချုပ် ဘယ်လဲ၊ ဗိုလ်တေဇ၊ ဂုဏ်ပြုကြစို့၊ ဗိုလ်ချုပ်အောင်ဆန်း ခပ်ငယ်ငယ်၊ အရုဏ်ဦးရောင်ခြည်၊ ခေတ်လေးခေတ် စသည့် ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွန်ပါဘူးများ လက်ဆောင်ချီးမြှင့်ခဲ့ပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက နွားနို့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက မုန့်များဖြင့် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကလေးမိဘများက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)