လှိုင်းဘွဲ ၁၀ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲအား ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲများ၏ စည်းမျဉ်း၊ စည်းကမ်းများကို လည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွက်ချက်များကို လည်းကောင်း ကျောင်းသား/သူများ နားလည်သဘောပေါက် လွယ်ကူစေရန် အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြော ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၁၂)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသော ကျောင်းသား/ သူများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)