ရေနံချောင်း ၃၀ ဇန်နဝါရီ
ဖေဖော်ဝါရီ ၁၃ ရက်နေ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်မွေးနေ့တွင် ရေနံချောင်းမြို့နယ် လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ် ၁၄ နေရာ၌ ပဲပြုတ်နှင့်နံပြား စတုဒိသာကျွေးမွေးသွားမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင်ပြုလုပ်သော လူမှုကူညီရေးအသင်းအဖွဲ့များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
ဗိုလ်ချုပ်၏ မွေးနေ့အမှတ်တရအဖြစ် ရေနံချောင်းမြို့နယ် စက်မှုဇုန်၊ သုံးဆယ့်ခြောက်၊ တွင်ကုန်း၊ သူဌေးကုန်း၊ မြေနီခင်ကျောက်တန်း၊ မြစိမ်းရောင်၊ ရွှေကြာငုံ၊ ဈေးထိပ်၊ ပြန်/ဆက်ရုံး၊ လွတ်လပ်ရေးကျောက်တိုင်၊ ရွှေဘုံသာ၊ ရေနံချောင်းဒီဂရီကောလိပ်ရှေ့၊ ညောင်လှလမ်းဆုံနှင့် ဆိပ်သာကွန်းထောက် စသည့် နေရာများ၌ ပဲပြုတ်နှင့် နံပြား စတုဒိသာကျွေးမွေးခြင်းကို ထိုနေ့နံနက် ၈ နာရီမှစတင်၍ လူမှုကူညီရေးအသင်းအဖွဲ့များက မော်တော်ယာဉ် များဖြင့် လှည့်လှည်ကျွေးမွေးသွားမည်ဖြစ်သည်။
အဆိုပါ စတုဒိသာကျွေးမွေးခြင်းကို ပညာပါရမီဂုဏ်ပြုငွေ ချီးမြှင့်ရေးအဖွဲ့၊ ကမ်းလက်ရှင်လူမှုကူညီရေးအဖွဲ့၊ မေတ္တာရှင်လူမှုကူညီရေးအဖွဲ့၊ ရင်ခွင်မဲ့ ကလေးသူငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် တောင်သူလယ်သမားအဖွဲ့၊ ထာဝရအလင်းတန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့၊ မေတ္တာစွမ်းအား ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့၊ မြတ်ဆုပန်လူမှုကူညီရေးအဖွဲ့နှင့် ရေနံသာစနေကဗျာဝိုင်းမှ ကဗျာဆရာများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး