စက်သုံးဆီကိစ္စပြန်ကြားချက်ထုတ်ပြန်

ဒီကနေ့ လူမှုကွန်ယက်စာမျက်နှာများမှာ ရေးသားဖော်ပြလျက်ရှိတဲ့ စက်သုံးဆီများကိစ္စနှင့်ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ကောလာဟလများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောကြားထားပါတယ်---

 ဗိုလ်ချုပ်ဇော်မင်းထွန်းက "စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်နေတာရှိပါတယ်၊ အဲဒီကောလာဟလတွေကို မသမာတဲ့မီဒီယာအချို့က ပြန်ပြီးဖြန့်နေတဲ့အတွက်ကြောင့် အချို့နေရာတွေမှာ ဆီဆိုင်တွေပိတ်တာနဲ့ ဆီရှားပါးတဲ့အခြေအနေတွေဖြစ်ပေါ်နေပါတယ်၊ တိုင်းပြည်အတွင်းမှာအသုံးပြုဖို့အတွက် စက်သုံးဆီတွေကို လုံလောက်တဲ့ပမာဏ တင်သွင်းထားပြီးဖြစ်တဲ့အတွက် စက်သုံးဆီအလုံအလောက်ရှိပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်၊ အရင်တုန်းကဆိုရင်တော့ စက်သုံးဆီဘယ်နှရက်စာ အလုံအလောက်ရှိပါတယ်ဆိုပြီး ရက်နဲ့ဘဲပြောတာဖြစ်ပါတယ်၊ အခုလက်ရှိမှာကတော့ အရင်တုန်းကရှိနေတဲ့ပမာဏထက်ပိုပြီးရှိနေပါတယ်၊ အဓိကပြဿနာဖြစ်ရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေါ်လာတွေရောင်းချပေးထားတာရှိတယ်၊ စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို အခုနောက်ပိုင်းမှာ ၁၈၅၀ ဈေးနဲ့ ရောင်းချခိုင်းတယ်၊ အဲဒီလိုရောင်းချခိုင်းတဲ့အချိန်မှာ သူတို့အနေနဲ့ ဒေါ်လာနောက်ထပ်လည်းမပေးနိုင်တော့ဘူး ဒါကြောင့် ဒီဈေးနဲ့မရောင်းချချင်တဲ့အတွက် ဆီတွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလတွေကို ဖြန့်နေတာဖြစ်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့ သတ်ဆိုင်တဲ့သူတွေကို အသိပေးတာတွေ၊ သတိပေးတာတွေ ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် ပုံမှန်ရောင်းဝယ်နေကျအတိုင်းဘဲ စက်သုံးဆီတင်သွင်းရောင်းချနေသူတွေကို ဒေါ်လာရောင်းချပေးတဲ့ အစီအစဉ်အနေနဲ့ ခွင့်ပြုချက်ရထားပြီးသားသူတွေကို မနက်ဖြန်ရောင်းချပေးမှာဖြစ်ပါတယ်၊ ကုမ္ပဏီအသီးသီးက တင်သွင်းလာတဲ့စက်သုံးဆီတွေကလည်း မြန်မာနိုင်ငံထဲဝင်ရောက်လာမယ့် လမ်းမှာရောက်ရှိနေပြီး ဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို စက်သုံးဆီနဲ့ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ ပြည်တွင်းမှာအသုံးပြုဖို့အတွက် စက်သုံးဆီအလုံအလောက်ရှိတယ်ဆိုတဲ့အကြောင်းကို ထပ်မံပြီးတော့ အသိပေးပြောကြားလိုပါတယ်"ဟု ပြောကြားသည်။