ကျောက်ပန်းတောင်း ၄ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောက်ပန်းတောင်းလူငယ်များ ဦးဆောင်၍ လူငယ်စွမ်းရည်ပြပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

y1

 

“တိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသလို အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည်တွေကို အားလုံးကသတိထားမိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်တယ်။ အသိအမှတ်ပြုစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ရယ် နောက်ပြီး ကျွန်တော်တို့ လက်ရှိအစိုးရရဲ့ လူငယ်မူဝါဒကိုလည်း အကောင်အထည်ဖော်ဆောင်တဲ့သဘောနဲ့ ဒီပွဲတော်ကို လူငယ်တွေ စုပေါင်းကျင်းပတာဖြစ်ပါတယ်” ဟု လူငယ်ရေးရာကော်မတီဝင်တစ်ဦးဖြစ်သော ကိုဖိုးချမ်းက ပြောသည်။

အဆိုပါ လူငယ်စွမ်းရည်ပြပွဲတွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ (၂)ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း၊ စာအုပ်ဈေးရောင်းပွဲတော်နှင့် နံနက်ပိုင်းများတွင် အသက်(၁၅)နှစ် အောက်ကလေးများအတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အုပ်စုအလိုက် အကပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များအတွက် ကဗျာရွတ်ပွဲ၊ ဂီတဖျော်ဖြေပွဲနှင့် စာရေးဆရာထင်လင်းဦးနှင့် ဆရာအလင်းဇက် IR တို့မှ စာပေးဆိုင်ရာ ဟောပြောခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ထည့်သွင်းထားကြောင်း သိရသည်။

ပြပွဲများအဖြစ် ပန်းချီပြခန်း၊ သဲပန်းချီပြခန်းနှင့် အမျိုးသမီးအသုံးအဆောင် လက်မှုပစ္စည်း (Hand Made) ပြခန်းနှင့် စွန့်ပစ်ပလတ်စတစ်ရေဘူးများနှင့် ဆောက်လုပ်သည့် Recycle House တို့ကို ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် လာရောက်သမျှ ကလေး/လူကြီးများကို ပဲပြုတ်/နံပြားတို့ဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)