နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ အမှတ်(၃) သံမဏိစက်ရုံ(ရွာမ)နှင့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးစက်ရုံတို့အား သွားရောက်စစ်ဆေး
နေပြည်တော် အောက်တိုဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ အမှတ် (၃) သံမဏိစက်ရုံ (ရွာမ) နှင့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးစက်ရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အမှတ် (၃) သံမဏိစက်ရုံ (ရွာမ) အစည်းအဝေးခန်းမတွင် စက်ရုံမှူးကြီး ဦးမျိုးတင့်အောင်နှင့် စက်ရုံအကြံပေးပုဂ္ဂိုလ် ဦးရင်မောင်ညွန့်တို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးမြင့် သံမဏိများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကုန်ကြမ်းများရရှိမှုအခြေအနေ၊ Oxygen ထုတ်လုပ်နေမှုအခြေအနေနှင့် စက်ရုံ Revamping ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတည်ဆောက်ရာတွင် သံနှင့် သံမဏိထုတ်ကုန်များသည် မရှိမဖြစ်လိုအပ်ပြီး မိမိတို့နိုင်ငံ၌ ကုန်ကြမ်းပစ္စည်းများ ရှိနေသော်လည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပမှတင်သွင်းနေရကြောင်း၊ နိုင်ငံတွင်း သံမဏိကုန်ကြမ်း အရင်းအမြစ်များ အသုံးပြုပြီး ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်၍ ပြည်ပမှတင်သွင်းမှုကို လျှော့ချရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များသည် သင့်တင့်သောဈေးနှုန်းဖြစ်ရန်နှင့် အရည်အသွေး ပြည့်မီရန်လိုပြီး ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်၍ ပြည်ပသွင်းကုန် လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ သံနှင့်သံမဏိ ထုတ်လုပ်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် MEC ကဲ့သို့သော Semi Government များသာမက ပုဂ္ဂလိကကုမ္ပဏီများမှ ဆောင်ရွက်မှုတို့ကိုလည်း အားပေးပါကြောင်း။
သံမဏိကိုသာမက ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် ဘိလပ်မြေထုတ်လုပ်မှုများ ကိုလည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ရန်လိုပြီး ထုတ်လုပ်သည့် ပစ္စည်းများအားလုံး အရည်အသွေး ပြည့်မီရန်လိုအပ်ကြောင်း၊ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မဖြစ်မနေ အသုံးပြုရသော ဘိုးနှင့်နပ်များကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်သဖြင့် နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ခေတ်မီသည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် စက်မှုလုပ်ငန်းသည် အရေးကြီးကြောင်း၊ အဆိုပါ စက်မှုလုပ်ငန်းတွင် သံနှင့်သံမဏိသည် အရေးကြီးသကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် သံမဏိထုတ်လုပ်ရေးနှင့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများအား အလေးထား ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း Revamping လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း အထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော် ၊ စက်ရုံခွဲမှူး ဒေါက်တာ အောင်သန္တာဦး တို့က ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ အားကောင်း လာစေရန်အတွက် တွန်းအားပေးဆောင်ရွက် နိုင်မည့်အခြေအနေ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေနှင့် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် စက်ရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်က ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ ယခင်က ဆိုရှယ်လစ်စီးပွားရေး စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေးဆန်ဆန် ဆောင်ရွက်ခဲ့ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖြစ်သော်လည်း ပြည်တွင်းဆေးလိုအပ်ချက်ကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်သည့် ဆေးပစ္စည်းများ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဆေးဝါးများ၏ အရည်အသွေး ကောင်းမွန်ရန်နှင့် သင့်တင့်သည့် ဈေးနှုန်းဖြစ်ရန်မှာ အရေးကြီးကြောင်း၊ ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဖြေလျှော့ပေးမှုများ ရှိသော်လည်း အခွန်ဆိုင်ရာများနှင့် ပတ်သက်၍ ထိုက်သင့်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးချင်းတူလျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူနှင့် သုံးစွဲသူ နှစ်ဖက်စလုံးအတွက် ကြည့်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးဝါးကုန်ကြမ်း တင်သွင်းသူများအနေဖြင့် အခွန်ငွေများအား ထိုက်သင့်သည့် အခွန်နှုန်းထားဖြင့်သာ ကောက်ခံကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှုများကို အားပေးပါကြောင်း။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လက်ရှိကာလအတွင်း အသုံးပြုနိုင်ရေး အမြန်ရရှိအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရေရှည်အတွက် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြင် လိုအပ်သည့်အချိန်တွင် အခြားကာကွယ်ဆေးများပြောင်းလဲ ထုတ်လုပ်နိုင်ရေး မျှော်တွေး၍စီမံ ဆောင်ရွက်ရန်လိုကြောင်း၊ လတ်တလောတွင် ငွေကြေးကုန်ကျမှု ရှိနိုင်သော်လည်း ကိုဗစ်-၁၉ ၏ မျိုးရိုးဗီဇ ပြောင်းလဲဖြစ်ပွားမှုကို အဆိုးဆုံးအခြေအနေအထိ မျှော်တွေးကာ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ပကိုမှီခိုရန် မလိုဘဲ နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစက်ရုံအတွက် လိုအပ်သည့် စက်ရုံကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံအတွင်း ဆေးဝါးထုတ်လုပ်မှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးစက်ရုံကို မွေးကင်းစကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် FDA လိုင်စင်ရရှိခဲ့ကာ ၂၀၀၇ ခုနှစ်၊ မေလတွင် ထုတ်လုပ်မှုလုပ်ငန်းများ စတင်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထုတ်လုပ် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး လိုအပ်သည့် ဆွေးနွေးဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
စက်ရုံများအတွင်းစစ်ဆေးသည့် အရုပ်များစုံလင်အောင်ပြသရန်ညကပါသည်။


