နေပြည်တော် ဇွန် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြ အရာရှိကြီးများ၊ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူး သင်တန်းမှ သင်တန်းသူများအား အဆိုပါသင်တန်းကျောင်းရှိ မြဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင် တပ်စုမှူးသင်တန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် အမျိုးသမီး ဗိုလ်လောင်း သင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြ သူများသည် တက္ကသိုလ်များ၌ ဘွဲ့များရရှိခဲ့ပြီးကြသူများဖြစ်ကြသဖြင့် တက္ကသိုလ်ပတ်ဝန်းကျင်လူမှု အတွေ့အကြုံရှိပြီး လူမှုဆက်ဆံရေးအတွေ့အကြုံ များစွာရှိထားပြီးသူများဖြစ်ကြောင်း၊ အသက်အရွယ် အားဖြင့်လည်း မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်သဖြင့် ခံယူချက်များအခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ရေး ကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်သွားရန် လိုကြောင်း။
အခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်သည့် စိတ်ဓာတ်များကို ပိုမိုကောင်းမွန်ခိုင်မာစေရေး လေ့ကျင့် တည်ဆောက်ကြရန်လိုပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျဖြင့် လေ့ကျင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်လုံကောင်းစေရန်နှင့် ကြံ့ခိုင်မှုရှိစေရန် နေ့စဉ်လေ့ကျင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့် စိတ်ဓာတ်များဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှသာ လေ့ကျင့်ရေးများ အောင်မြင်မည်ဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို သင်ကြားပေးခြင်းသည် တိုက်ပွဲဝင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း။
ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို သိရှိနားလည်ထားရန်လိုကြောင်း၊ ခေါင်းဆောင်များသည် အကျင့်စာရိတ္တကောင်းရမည်၊ သမာသမတ်ရှိ ရမည်၊ လက်အောက်အပေါ် စိတ်ကောင်းစေတနာကောင်းရှိရမည်ဖြစ်ပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကွပ်ကဲ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာမှုအပိုင်းတွင် နှစ်ပိုင်းရှိပြီး သဘောကောင်းခြင်းနှင့် စေတနာ ကောင်းခြင်းဟူ၍ ရှိကြောင်း၊ ရေတိုအလုပ်ဖြစ်စေရေး ကြည့်၍ သဘောကောင်းသည့် ပုံစံမဟုတ်ဘဲ ရေရှည် အကျိုးကိုကြည့်၍ စေတနာထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိအထက်အရာရှိများ၏ တာဝန် ထမ်းဆောင်မှုနှင့် မိမိလက်အောက်မှ အရာရှိ၊ စစ်သည်များ၏ တာဝန်ထမ်းဆောင်မှုများ၊ အခက်အခဲ များကို ကိုယ်ချင်းစာစိတ်နှင့် နားလည်မှုရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုတာဝန်ဟူသည် အထက် နှင့် အောက်ကိုချိတ်ဆက်ပေးရမည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် စိတ်ဖြင့်သာ ခေါင်းဆောင်မှုတာဝန်များကို ထမ်းဆောင်ကြရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး နောက်လိုက်ကောင်းများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှု ဖြင့် ခေါင်းဆောင်မှုကောင်းကို ပြသရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်မှုပညာရပ်များကို သင်တန်းကျောင်းမှ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် တာဝန်ယူချိန် တွင် ကိုယ်တိုင်အရည်အချင်းရှိရန်နှင့် ခေါင်းဆောင်ကောင်းဖြစ်အောင် တာဝန်ထမ်းဆောင်နိုင်ရန်လို ကြောင်း၊ ခေါင်းဆောင်မှုများ လွဲမှားမှုမရှိစေရေး မိမိတို့အတွေ့အကြုံနှင့်ယှဉ်၍ သင်ကြားပေးလိုက် သည့် စစ်ဘက်ခေါင်းဆောင်မှုပညာရပ်များကို ထိရောက်စွာ အသုံးချနိုင်ရန်လိုကြောင်း။
ယုံကြည်ချက်၊ ခံယူချက်နှင့်ပတ်သက်၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားကောင်းတစ်ဦးဖြစ်စေရေး လေ့ကျင့်ရေး ကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲ များကြုံတွေ့ရချိန်၌ တပ်မတော်သားကောင်းတစ်ဦး အဖြစ်ခံယူသည့် ယုံကြည်ချက်ခံယူချက်များ ခိုင်မြဲနေရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်သည်နှင့်အညီ စစ်သားစိတ်အပြည့်ဖြင့် နေထိုင်ကျင့်ကြံကြရန်လိုကြောင်း၊ တပ်မတော်မှ နိုင်ငံ့တာဝန်ထမ်းဆောင်မှုအပေါ် တပ်မတော်သား စိတ်ဓာတ်ဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော် အပေါ်ယုံကြည်ချက် ခံယူချက်မြင့်မားရမည်ဖြစ်ကြောင်း။
မျှော်မှန်းချက် ရည်မှန်းချက်များဖြင့် အမျိုးသမီးစစ်မှုထမ်းဘဝကို ဝင်ရောက်ခဲ့ကြသူများဖြစ်သဖြင့် မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ အမျိုးသမီး စစ်မှုထမ်းများနှင့် ရဲမေများသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသူများဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်များ မထိခိုက်အောင် နေထိုင် ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် လုပ်ဆောင်ချက်များဖြင့် ထိန်းသိမ်း ဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းခန်းမအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်