နေပြည်တော် ဧပြီ ၇
၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် မြန်မာနိုင်ငံစာရေးဆရာ အသင်းတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးလှိုက်လှဲ စွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ နိုင်ငံတော်သမ္မတဦးဆောင်မည့် ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူလူထုအကျိုးတို့ကို အောင်မြင်စွာသယ်ပိုးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး နိုင်ငံတော်၏အကျိုး၊ အမျိုးဘာသာသာသနာအကျိုးကို ဆတက်ထမ်းပိုးသယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်
ဝမ်းမြောက်ဂုဏ်ယူကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အထွေထွေရွေးကောက်ပွဲကြီးအပြီးတွင် ပြည်သူက တင်မြှောက် ပေးခဲ့သော နိုင်ငံတော်သမ္မတကြီးအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတ(၁)ဦးညိုစော၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေးတို့အနေဖြင့် နိုင်ငံ့တာဝန်အား ဆတက်ထမ်းပိုး ထမ်းဆောင်မည်ကို ယုံကြည်အားကိုးခြင်းဖြင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗဟိုဥက္ကဋ္ဌနှင့်ဗဟိုကော်မတီအဖွဲ့
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဗဟိုရုံးချုပ်
ဂုဏ်ယူဝမ်းမြောက်ကြောင်း
၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။
ထိုသို့ရွေးချယ်တင်မြှောက်ကြရာတွင် နိုင်ငံတော် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ရွေးချယ်တင်မြှောက်ခံခဲ့ကြရသည့် အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်မည့် ပြည်ထောင်စု အစိုးရအဖွဲ့က နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘ ပြည်သူလူထုအကျိုးတို့ကို အောင်မြင်စွာ သယ်ပိုးဆောင်ရွက်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းနှင့် နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘ ပြည်သူလူထုအကျိုးတို့ကို သယ်ပိုးဆောင်ရွက်ရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤ“ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ”ကို ပေးပို့အပ်ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း
၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဦးညိုစောအား ဒုတိယသမ္မတ(၁) အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေး အား ဒုတိယသမ္မတ(၂)အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်ပေးခဲ့ သည့်အပေါ် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP)မှ အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန် အပ်ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါ စေကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီမှ ဆန္ဒပြုအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ
အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် “မြန်မာနိုင်ငံ စာရေးဆရာအသင်း”က အထူးလှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး နိုင်ငံတော်၏အကျိုး၊ အမျိုးဘာသာသာသနာအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း


