ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်က လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး “Roscosmos” နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင် ကော်ပိုရေးရှင်းနှင့် မြန်မာအာကာသအေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာ နည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင် ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် အာကာသ နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အာကာသပြတိုက် (ရန်ကုန်) ကို အဆင့်မြှင့်တင်နိုင်ခဲ့မှုနှင့် လူငယ်များအနေဖြင့် စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုလျက် ရှိမှု၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျိုးဆက်သစ်လူငယ်များအား အာကာသ နည်းပညာဆိုင်ရာ ဗဟုသုတများပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာကာသ နည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Roscosmos” နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


