ရန်ကုန်၊ ဒီဇင်ဘာ  ၃၁

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးတော်မြတ်၏ အကြိမ် (၅၀) မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် အလှူဒါန အစုစုတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကိုယနေ့ မွန်းလွဲ ၂  နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တော်ပေါ်ရှိ နန်းဉီးဘုရားကြီး တန်ဆောင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မှုကြပြီး၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဂေါပက အဖွဲ့၀င်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဉီးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များ ချီးမြှင့်တော်မှုသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။

 

ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်စေတီတော် အလှည့်ကျသဘာပတိ ဦးဌေးဉီးက အကြိမ် (၅၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍လျှောက်ထားတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေး​ဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

 

ထို့နောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဘုရားအမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ် (၁၀၈) ပါးနှင့် သီလရှင်ဆရာလေး (၃၆) ပါးတို့အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ဇနီးနှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဂေါပက အဖွဲ့၀င်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများလောင်းလှူကြသည်။

 

သတင်းစဉ်