ရန်ကုန် မေ ၁၄

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ရင်ပြင်ရှိ နန်းဦးဘုရားတန်ဆောင်း၌ မေ ၁၄ ရက် နံနက်ပိုင်းတွင် ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့က ကြီးမှူး၍ ညောင်ရေသွန်းပွဲအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားသို့ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ (မြောက်ဥက္ကလာပမြို့နယ်) အမှူးပြု၍ ပင့်သံဃာ ၂၁ ပါး၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်နိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြကာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဓမ္မရောင်ခြည် ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များ၏ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြပြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြသည်။ ယင်းနောက် ဓမ္မရောင်ခြည် ဆရာတော်က အနုမောဒနာတရားများ ဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်၍ ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ပြုလုပ်ရာ စေတီတော်ရင်ပြင်ရှိ နန်းဦးဘုရား တန်ဆောင်းမှ စတင်၍ စည်တော်အဖွဲ့၊ ကြေးစည်အဖွဲ့နှင့် သာသနာ့အလံကိုင်အဖွဲ့၊ သံဃာတော်များ၊ ဖိတ်ကြားထားသူများ၊ ဝတ်အသင်းအဖွဲ့များက စီတန်း၍ စေတီတော်အနောက်ဘက်မုခ်ရှိ မဟာဗောဓိ ညောင်ပင်ကို ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)