ရန်ကုန် သြဂုတ် ၁၁
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဉီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဂေါပကအဖွဲ့ရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ ပဥ္စမအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ စေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဉီးစေတီတော် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့၀င် ဦးအောင်မြတ်က သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ၀မ်းသာပီတိ စကားပြောကြားသည်။
ထို့နောက် အမျိုးသား သွေးလှူဌာနမှ ဒေါက်တာသန္တာက သွေးလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာ သွေးလှူရှင်ပြည်သူများအား အမျိုးသားသွေးလှူဌာနမှ တာ၀န်ခံဆရာ၀န်များနှင့် ကျန်းမာရေး၀န်ထမ်းများက သွေးအမျိုးအစားခွဲပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေး ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက ဂေါပကရုံး၀န်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ သွေးလှူဒါန်းနေမှုကို ကြည့်ရူအားပေးကြသည်။
ယနေ့ သွေးလှူဒါန်းကြသည့် သွေးလှူရှင်များကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တီရှပ်အင်္ကျီများ၊ အလှူရှင်များက အအေး၊ ကြက်ဥ၊ ဌက်ပျောသီး၊ နွားနို့ စသည့် အာဟာရ အစားအစာများ၊ အမျိုးသားသွေးလှူဌာနမှ သံဓါတ်အားဆေး စသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဇော်မင်းလတ် (သတင်းစဉ်)


