ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံခြင်း ၊ ၂၀၂၂ခုနှစ်၊ တရုတ် - မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားများကျင်းပ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ရေးကော်မရှင်အဖွဲ့နှင့်တွေ့ဆုံ
ရန်ကုန် စက်တင်ဘာ ၂၆
ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေချထားသည့်နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည် ။
အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr.Chen Hai က လှူဒါန်းမှု နှင့်ပတ်သက်၍ တရုတ် - မြန်မာနှစ်နိုင်ငံ ကြာရှည်လှသည့် ဗုဒ္ဓဘာသာကူးလူး ဖလှယ်မှုသည် နှစ်နိုင်ငံ ပထဝီ တည်နေရာနီးစပ်ပြီး ပြည်သူများ ရင်းနှီးချစ်ကြည်၍ ယဉ်ကျေးမှုတူညီသော အစိတ်အပိုင်းတစ်ခုဖြစ်လာကာ တရုတ် - မြန်မာခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့်အနှစ်သာရ ဂုဏ်ရောင်ကို တိုးပွားစေကြောင်း၊ ဆံတော်တိုက်တွင် လုံခြုံရေးမှန်များ တပ်ဆင်ခြင်းဖြင့် နှစ်နိုင်ငံဗုဒ္ဓရေစက် ဓမ္မသံယောဇဉ်ကို အမွေဆက်ခံ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကြီးမားသော အကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တရုတ်သံရုံး၏ ပါဝင်လှူဒါန်းမှုများနှင့်အတူ ရွှေသံလွင်ကုမ္ပဏီ လီမိတက်က စေတီတော်ဂေါပကအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်းကူသိုလ်ယူ ဆောင်ရွက် ပေးခဲ့ကြသဖြင့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေး ဆောင်ရွက်ကြရင်း ရှေးယခင်ကတည်းက ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် တည်တံ့ခိုင်ခံ့အောင်ကြိုးစားသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပေကျင်း Ling Guang Si ဘုရားကျောင်းဆရာတော် Chi Chang Cang က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအဓွန့်ရှည်ရေး ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ Ling Guang Si ကျောင်းတိုက် ဆရာတော်ကြီး၏ကိုယ်စား Mr. LIU YUANLIANG ၊ ရွှေသံလွင် ဆောက်လုပ်ရေးကုမ္ပဏီ Managing Director ဒေါ်စန္ဒာဝင်းနှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော်တို့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai တို့၏ရှေ့မှောက်၌ လက်မှတ်ရေးထိုးလွှဲပြောင်းကြသည်။
ယင်းနောက် ပြည်ထောာင်စုဝန်ကြီးနှင့်အဖွဲ့သည် လုံခြုံရေးမှန်တံခါးကို အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပြီး ဆံတော်တိုက်ကို ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ တရုတ် - မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များနှင့် အနုပညာ အထက်တန်းကျောင်းများတွင် ပညာဆည်းပူးနေကြသော ထူးချွန် ကျောင်းသား၊ ကျောင်းသူ (၅၅) ဦးကို ပညာရည်ချွန်ဆု ချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊ ယနေ့ ပညာရည်ချွန်ဆု ချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့ အားပေးမှုဖြစ်ပြီး တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက် ခိုင်မာလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခု ပညာသင်ဆုပေးပွဲ အခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ် အထူးပြု ကျောင်းသား/ သူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါသည့်ခွန်အားများ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေးလမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ယင်းနောက် တရုတ် - မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ယဉ်ကျေးမှုသံမှူးကြီးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဝန်ကြီး ရုံးဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ရေး ကော်မရှင်အဖွဲ့ဝင်များ ကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်