၁၅ အောက်တိုဘာ
ဂျာမနီ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၆,၆၃၈ ဦးကို ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း တွေ့ရှိကြောင်း ဒီနေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ကူးစက်ချိန်ကစပြီး ဗုဒ္ဓဟူးနေ့က ပိုးတွေ့ရှိသူ ပမာဏဟာ အများဆုံး ဖြစ်တာကို တွေ့ရပါတယ်။
ပိုးတွေ့ပမာဏ ကြေညာပြီး နာရီပိုင်း အတွင်းမှာ ဝန်ကြီးချုပ် အင်ဂျလာမာကယ်ဟာ ပြည်နယ် ၁၆ ခုရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဟန့်တားရေးအတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်သွားရန် သဘောတူညီခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းအတွင်း မတ်လ ၂၈ ရက်နေ့က ပိုးတွေ့သူ ၆,၂၉၄ ဦး ရှိခဲ့ဖူးကြောင်း သိရပါတယ်။
ဝန်ကြီးချုပ် မာကယ်က အခမ်းအနားပွဲတွေမှာ လူဦးရေ ကန့်သတ်ရန်နဲ့ လူများတဲ့ နေရာတွေမှာ မျက်နှာဖုံး ဝတ်ဆင်ရေးကို ဗုဒ္ဓဟူးနေ့ ညပိုင်းက ကြေညာခဲ့ပါတယ်။
လူဦးရေ ၁၀၀,၀၀၀ မှာ ၃၅ ဦးကျော်တွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ရက်ပေါင်း ၇ ရက်ကျော် ရှိခဲ့မယ်ဆိုရင် အဲဒီနေရာဒေသမှာ မျက်နှာဖုံး နှာခေါင်းစည်းဟာ ဝတ်ကိုဝတ်ဆင်ရမယ့် ပစ္စည်းဖြစ်ပါတယ်။ လူစုဝေးခွင့်ကို အဆောက်အအုံအပြင်မှာ လူ ၂၅ ဦး၊ အခန်းအတွင်းမှာ ၁၅ ဦး စုဝေးခွင့် ရှိမှာဖြစ်ပါတယ်။
လူဦးရေ ၁၀၀,၀၀၀ မှာ ပိုးတွေ့ရှိသူ ၅၀ ကျော် ရှိခဲ့မယ်ဆိုရင် ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းအနေနဲ့ လူ ၁၀ ဦး သို့မဟုတ် အိမ်ထောင်စု နှစ်စုသာ စုဝေးခွင့်ရှိကြောင်း၊ စားသောက်ဆိုင်တွေကိုလည်း ည ၁၁ နာရီမှာ ပိတ်ရမှာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှု များခဲ့မယ်ဆိုရင် ဒီထက် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်သွားမယ်လို့ ဝန်ကြီးချုပ်က သတိပေးပြောကြားပါတယ်။
ဂျမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၄၁,၇၄၂ ဦးရှိပြီး သေဆုံးသူ ၉,၇၇၁ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
