၈ ဇွန်

 

ရိုးရိုးသွေးတိုးရောဂါကြောင့် ဆေးရုံတက်ရသူတွေထက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သွေးတိုးရောဂါလူနာ ဆေးရုံတက်ခဲ့မယ်ဆိုရင် သေဆုံးနိုင်ခြေမှာ နှစ်ဆဖြစ်ကြောင်း သုတေသန စာတမ်းအရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးရှိတဲ့အတွက် သွေးတိုးရောဂါကုသဆေး မသောက်ခဲ့ဘူးဆိုရင် သေဆုံးနိုင်ခြေဟာ နောက်ထပ် နှစ်ဆ ဖြစ်နိုင်ကြောင်း European Heart ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။

 

တရုတ်နိုင်ငံ၊ ရှီအန်ရှိ ရှီကျင်းဆေးရုံမှ နှလုံးအထူးကုသမားတော် ဖီလီက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူမှာ သွေးတိုးရောဂါ ရှိခဲ့မယ်ဆိုရင် သေဆုံးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက် အရေးကြီးပါတယ်လို့ ပြောပါတယ်။

 

ဖေဖော်ဝါရီ ၅ ရက်ကနေ မတ် ၁၅ ရက်နေ့အထိ ဝူဟန်မြို့က ဟူရှန်ရှန် ဆေးရုံမှာ တက်ရောက်ကုသ ခဲ့တဲ့ လူနာတွေကို သုတေသန လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

သွေးတိုးရောဂါ မရှိတဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာပေါင်း ၂,ဝ၂၇ ဦးမှာ တစ်ရာခိုင်နှုန်းသာ သေဆုံးပေမယ့် သွေးတိုးရောဂါရှိတဲ့ လူနာပေါင်း ၈၅၀ မှာ သေဆုံးနှုန်းဟာ လေးရာခိုင်နှုန်း ရှိခဲ့ကြောင်း တွေ့ရှိပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူရဲ့ အသက်အရွယ်၊ ကျား/မနဲ့ အခြားကျန်းမာရေး အခြေအနေတွေကနေ သွေးတိုးရောဂါရှိသူ အနေနဲ့ သေဆုံးနိုင်ခြေဟာ နှစ်ဆ များနိုင်ကြောင်း တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီဆေးရုံမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ သွေးတိုးရောဂါရှင်တွေကို သွေးတိုးရောဂါကုသဆေးနဲ့ ပတ်သက်တဲ့ နောက်ထပ် လေ့လာချက်ကိုလည်း ပြုလုပ်ထားပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ လူတွေနာဟာ သောက်နေကျ သွေးတိုးကျဆေးကို ဆရာဝန်က မသောက်သုံးသင့်ဘူးလို့ မပြောခဲ့ရင် ဆက်လက်သောက်သုံးသင့်ကြောင်း နောက်ထပ် သုတေသန ပညာရှင် လင်တာအို က ပြောပါတယ်။

 

အခု လေ့လာတွေ့ရှိချက်ဆိုရာမှာ ဆရာဝန်တွေရဲ့ မျက်မြင်တွေ့ရှိချက်ဖြစ်ပြီး ဓါတ်ခွဲ တွေ့ရှိချက်မဟုတ်ကြောင်း သုတေသန စာတမ်းမှာ ရေးသားထားပါတယ်။

 

MDN

ကိုးကား - AFP