၈ ဇန်နဝါရီ
ပြင်သစ်ဝန်ကြီးချုပ်က ဗြိတိန်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် အစုလိုက် ကူးစက်နေတဲ့ နေရာနှစ်ခု ရှိနေတဲ့အတွက် နှစ်နိုင်ငံ နယ်စပ်ကြားမှာ ထားရှိတဲ့ တားမြစ်မှုတွေကို ညွှန်ကြားချက် ထပ်မံ မကြေညာခင် အချိန်အထိ ဆက်လက် ပိတ်ထားမယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ် ကူးစက်နေကြောင်း ဗြိတိန်နိုင်ငံက ကြေညာအပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က ပြင်သစ်-ဗြိတိန်နယ်စပ်ဂိတ်ကို ၄၈ နာရီ ပိတ်ထားခဲ့ပါတယ်။
အဲဒီနောက် ပြင်သစ်နိုင်ငံသား သို့မဟုတ် ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံသား ကုန်ကားမောင်းသူတွေကို အရေးကြီးတဲ့ အကြောင်းအရာ ခေါင်းစဉ်အောက်မှ ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။ အဲဒီလို ဖြတ်သန်းနိုင်သူတွေဟာ သုံးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိသူများ ဖြစ်ရန် လိုအပ်တာကို တွေ့ရပါတယ်။
ဝန်ကြီးချုပ် ဂျွန် ကတ်စ်တက်စ်က လက်ရှိထားရှိတဲ့ နှစ်နိုင်ငံနယ်စပ်ကြားက စည်းမျဉ်းကို ဆက်လက် ထားရှိမှာဖြစ်ကြောင်း ပြောကြားပါတယ်။
ပြင်သစ် တစ်နိုင်ငံလုံးကို ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး ဆိုင်တွေကို ဇန်နဝါရီ လကုန်ပိုင်းအထိ ပိတ်ထားရန် အမိန့်ထုတ်ပြန်ပါတယ်။
ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၂၁,၇၀၃ ဦး၊ ဗုဒ္ဓဟူးနေ့မှာ ပိုးတွေ့ရှိသူ ၂၅,၃၇၉ ဦး နဲ့ အင်္ဂါနေ့မှာ ၂၀,၄၈၉ ဦး အသီးအသီးရှိနေခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ပြင်သစ်နိုင်ငံမှာ သေဆုံးသူဟာ ၆၆,၅၆၅ ဦးနဲ့ ပိုးကူးစက်ခံရသူ ၂,၇၂၇,၃၂၁ ဦး ရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့စပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ငါးရက်အတွင်း ကာကွယ်ဆေး ထိုးနှံပေးပြီးသူ ၄၅,၀၀၀ သာ ရှိတဲ့အတွက် အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြပါတယ်။
MDN
ကိုးကား - AFP
