ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန်လည်တွေ့ရှိပြီးနောက် နယူးဇီလန်နိုင်ငံ ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ကြောင်း ကြေညာ

၁၇ ဩဂုတ်

 

နယူးဇီလန်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်တွေ့ရှိတဲ့အတွက် ရွေးကောက်ပွဲကို သီတင်းလေးပတ် နောက်ဆုတ်လိုက်ရာ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ်လို့ ဒီနေ့(တနင်္လာနေ့) မှာ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ကြေညာလိုက်ပါတယ်။

 

ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကြား ရုံးပိတ်ရက်အတွင်းက ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးချုပ် အာဒန်က အောက်တိုဘာ ၁၇ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ အတွက် မဲဆွယ်ခြင်း အစီအစဉ်ကို သီတင်းကိုးပတ် ဆက်လက်လုပ်ကိုင်နိုင်ရန် ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိတဲအတွက် ပါတီအားလုံးရဲ့ မဲဆွယ်ခြင်းအစီအစဉ်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းအပတ်က အော့ကလန်းမြို့က ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ လေးဦးမှ ဒီနေ့ဆိုရင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၈ ဦးရှိပြီး ၅ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ လေဘာပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ Christchurch ဗလီတိုက်ခိုက်မှုနဲ့ White Island မီးတောင်ပေါက်ကွဲမှုတွေ အပြီးမှာ ဝန်ကြီးချုပ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုကြောင့် လူကြိုက်များလာမှုဟာ ၆၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲကလို အစိုးရဖွဲ့ရန် တစ်ခြားပါတီအသေးတွေနဲ့ မဟာမိတ်ဖွဲ့ရန် မလိုဘဲ အနိုင်ရမယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

 

အတိုက်ခံပါတီ နေရှင်နယ်ပါတီကတော့ ဗိုင်းရပ်စ်ရောဂါပိုး ပြန်လည်တွေ့ရှိမှုကြောင့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအား နိုဝင်ဘာ သို့မဟုတ် ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့ လိုလားကြောင်း ပြောပါတယ်။

 

MDN

ကိုးကား- AFP