၁၂ ဇွန်

 

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Max Smart Super Speciality ဆေးရုံတွင်းမှ အိမ်ရာတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို တွေ့ရပါတယ်။ အဲဒီဆေးရုံမှာ တာဝန်ယူထားတဲ့ ဆရာဝန် ဒါဗင်ဇွန်ဂျာက ဘယ်အချိန်မှာ လူနာအများဆုံး ဖြစ်သွားမယ်ဆိုတာ သူတို့အနေနဲ့ မသိကြောင်း၊ သူတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် အဆိုးဆုံးအတွက် ကိုယ်ရောစိတ်ပါ ပြင်ဆင်ထားကြောင်း ပြောပါတယ်။

 

အိန္ဒိယနိုင်ငံမှာ လချီပြီးထားရှိခဲ့တဲ့ အသွားလာ ကန့်သတ်မှုတ်တွေကို ဖြေလျှော့ပေးထားပေမယ့် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ရန်လည်း ရည်ရွယ်ထားပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ စီးပွားရေးကြောင့် အကန့်အသတ်တွေကို ဖယ်ရှားပေးဖို့ တာဝန်ရှိသူတွေကို တွန်းအားပေးခြင်း ခံခဲ့ရပါတယ်။ နိုင်ငံသားတွေ ပုံမှန်အတိုင်း သွားလာချိန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းဟာလည်း သိသိသာသာ များပြားလာတာကို တွေ့ရပါတယ်။

 

အခုဆိုရင် တစ်နေ့ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀,၀၀၀ နီးပါးရှိရာ စုစုပေါင်း ၂၇၅,၀၀၀ ဦးကျော်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် ကမ္ဘာမှာ ပဉ္စမမြောက်အများဆုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၈,၀၀၀ ရှိတယ်လို့ ဆိုပေမယ့် အဲဒီပမာဏ ထက်များ ကြောင်း ခန့်မှန်းထားပါတယ်။ အထူးသဖြင့်  မြို့တော်နယူးဒေလီဟာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံး နေရာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို ဆေးရုံတွေကနေ ကုသပေးဖို့ ငြင်းဆန်တဲ့အထိ လူနာများပြားနေကြောင်း၊ ခရစ်ကတ် ကစားကွင်းတွေကိုလည်း ဆေးရုံတွေအဖြစ် ပြောင်းလဲထားကြောင်း၊ သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးရေးမှာလည်း အခက်အခဲဖြစ်နေကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

အထူးကုသဆောင်မှာ တာဝန်ကျနေတဲ့ သူနာပြု ဗီနီတာက တာဝန်ချိန်အတွင်းမှာ ကာကွယ်ရေးဝတ်စုံ ဝတ်ပြီးချိန်မှာ အစားစားခြင်း၊ ရေသောက်ခြင်းနဲ့ ရေအိမ်သွားခြင်းတောင် လုပ်မရကြောင်း၊ တာဝန်ချိန်ကလည်း ကြာမြင့်တဲ့အတွက် ကိုယ်အရေပြား လောင်ကျွမ်းတာတွေအထိ ဖြစ်ကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP