လန်ဒန် ၁၆ စက်တင်ဘာ ၁၆
ဗြိတိန်နိုင်ငံ၏ အခမ်းနားဆုံးသော နန်းတော်များအနက်တစ်ခုဖြစ်သည့် Blenheim နန်းတော်ရှိ ရွှေစင်စစ်ဖြင့်ပြုလုပ်ထားသော အိမ်သာတစ်လုံး ပျောက်ဆုံးသွားခဲ့သဖြင့် ဒေသ္တရရဲအရာရှိများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေအတိပြီးသော အိမ်သာ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်း ရှိသည်။ နန်းတော်အတွင်းရှိ အိမ်သာတစ်ခုပြင်ဆင်ရာ မှ အဆိုပါရွှေအိမ်သာ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။
ရဲအရာရှိများက နန်းတော်အတွင်းသို့ ဖောက်ထွင်း သူခိုးများ ဝင်ရောက်ခဲ့ပြီး ရွှေအိမ်သာကို ဖြုတ်ယူသွား ခဲ့ခြင်းဖြစ်သည်ဟု ထင်ကြေးပေးလျက်ရှိသည်။၂၀၁၆ ခုနှစ်တွင် အဆိုပါရွှေအိမ်သာကို နယူးယောက် Guggenheim ပြတိုက်၌ ပထမဆုံးအကြိမ် ပြသထားခဲ့ရာ လူအများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့သည်။
ရွှေအိမ်သာခိုးယူခံရပြီးနောက် နန်းတော်အတွင်း ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ နန်းတော်ကို စက်တင်ဘာ ၁၄ ရက်တွင် ပိတ်ထားခဲ့ကြောင်း သိရသည်။ အိမ်သာပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ သင်္ကာမကင်းသူတစ်ဦးအား ရဲအရာရှိများက ဖမ်းဆီးထားသည်။
အဆိုပါနန်းတော်ကို ၁၇၀၄ ခုနှစ်တွင် ဘုရင်မ အန်နီက Blenheim စစ်ပွဲအောင်နိုင်ခဲ့ခြင်းအတွက်မြို့စားကြီး Marlborough အား လက်ဆောင်အဖြစ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်နန်းတော်ကြီးသည် ကမ္ဘာ့ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော