မြစ်ကြီးနား ၁၅ အောက်တိုဘာ

 

ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဖြစ်တန်စွမ်းတိုင်းတာမှု လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် အခြေစိုက် တံတားအထူးအဖွဲ့ (၁)၊ တံတားဦးစီးဌာနမှ သိရသည်။

 

“ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်းမှာ Hydrographic Survey လို့ခေါ်တဲ့ ရေကြောင်းမြစ်ကြောင်း တိုင်းတာတဲ့ လုပ်ငန်းတွေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို လုပ်ငန်းအပ်နှံပြီး စတင်ဆောင်ရွက်နေပါပြီ။ တံတားအတွက် တံတားအူကြောင်း၊ လမ်းအူကြောင်းတွေ ပုံစံထုတ်တာတွေလည်း စီစဉ်နေပါပြီ။ ပြီးတော့ မြေစမ်းသပ်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ရုံးချုပ်နဲ့ ညှိနှိုင်းပြီး တံတားပုံစံရေးဆွဲတဲ့ လုပ်ငန်းတွေ စတင်ရတော့မှာဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် အခြေစိုက် တံတားအထူးအဖွဲ့ (၁)မှ  ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောကြားသည်။

 

ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ရန်အတွက် ဖြစ်တန်စွမ်းတိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်မှုနှင့်အတူ ဗလမင်းထင်တံတား အမှတ်(၁) ရေရှည်တည်တံ့ရန် ကြံ့ခိုင်မှု ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း တံတားအထူးအဖွဲ့(၁)မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဗလမင်းထင်တံတား အမှတ်(၂)ကို တန် (၆၀) ခံနိုင်ဝန်ရှိသည့် သံမဏိသံပေါင် တံတားအမျိုးအစားအဖြစ် တည်ဆောက်သွားရန်အတွက် လျာထားသတ်မှတ်ထားကြောင်း သိရှိရသည်။

 

“ဗလမင်းထင်တံတား အမှတ်(၂)ကို ဖြတ်သန်းသွားလာတဲ့ ယာဉ်အရေအတွက်က များလာတယ်၊ တင်ဆောင်တဲ့ ကုန်တန်ချိန်တွေကလည်း များလာတယ်။ တံတားအမှတ်(၁)ကို အသုံးများတော့ ခံနိုင်ဝန်ကလည်း တဖြည်းဖြည်းကျလာပြီ။ အခုဆို ၃၅ တန်အထိပဲ ခွင့်ပြုထားတယ်။ လားရှိုး- ဗန်းမော်- မြစ်ကြီးနား လမ်းတွေကိုလည်း လေးလမ်းသွားအဖြစ် အဆင့်မြှင့်သွားမှာဖြစ်တဲ့အတွက် တိုးလာမယ့် ယာဉ်အရေအတွက်နဲ့ အဆင်ပြေစွာ သွားလာနိုင်အောင်၊ အမှတ် (၁) တံတားနဲ့ အမှတ် (၂) တံတားကို အသွားအပြန်အဖြစ် သွားလာနိုင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနအနေနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ဗလမင်းထင်တံတား အမှတ်(၂) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောပြသည်။

 

ကေကေ

ဓာတ်ပုံ- ထိန်နန်နော်

 

mdn