ရဲလွင်အောင်(စီ/သု)
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်လျက် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ် အနက် နိုင်ငံသားအားလုံး သက်ရှည်ကျန်းမာစေရေးအတွက် လူမှုရေးဦးတည်ချက် ဒုတိယအချက်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက် ရေး” ဟူသောအချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါ ဦးတည်ချက် အောင်မြင်ပေါက်မြောက်ရန် အလို့ငှာ အားကစားကဏ္ဍသည် ပဓာနကျကြောင်းဖော်ညွှန်းနေပေသည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးရည်မျှော်လျက် ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် မြန်မာအိုလံပစ်အသင်းကြီးကို စတင်ဖွဲ့စည်းပြီး ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်လျက် အပတ်စဉ် စနေနေ့တိုင်း မြန်မာ နိုင်ငံတစ်ဝန်း အလွှာပေါင်းစုံမှ ပြည်သူများ လူထုလမ်းလျှောက်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထိုမှတစ်ဆင့် ၁၉၇၄ ခုနှစ်မှစတင်၍ ဒီဇင်ဘာလအတွင်း အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ၍ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၁၉၆၀ မှ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ပြည်သူတို့၏ ကျန်းမာရေး အဆင့်အတန်း ကောင်းမွန်သည့်အပြင် မြန်မာ့အားကစား အဆင့်သည် အရှေ့တောင်အာရှမှသည် အာရှအဆင့်အထိ ထိုးဖောက်နိုင်ခဲ့ကာ ကမ္ဘာ့အဆင့်တိုင် တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါကာလ နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် လူထုအားကစားလှုပ်ရှားမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည့်အတွက် ၁၉၈၉-၁၉၉၀ နှစ်များမှစ၍ နိုင်ငံတော်အစိုးရ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနက လူထုအားကစားလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲနှင့် အလားတူ လွတ်လပ်ရေးနေ့ကဲ့သို့ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များတွင် ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ချောတိုင်တက် ပြိုင်ပွဲကဲ့သို့ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၁၇-၂၀၁၉ ကာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ပြည်နယ်၊ တိုင်းဒေသကြီးအချို့သို့ သွားရောက်၍ Fitness Dance လှုပ်ရှားမှုကို ဒေသခံ များနှင့်အတူ တပျော်တပါး ဆင်နွှဲခဲ့သည့်အပြင် ပြည်နယ်၊ တိုင်းဒေသကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများသို့ Fitness Dance နည်းပြ သင်တန်းပို့ချပေး ၍ ၎င်းတို့၏ မိခင်ဒေသ၊ ဌာနများတွင် ပြန်လည်ဆင့်ပွား သင်ကြားစေခဲ့သည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် National Sports Seminar ၊ Healthy Myanmar Seminar နှင့် Physical Education Seminar တို့ကို ကျင်းပနိုင်ခဲ့သည်။ ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါကျရောက်စဉ် ကာလအတွင်း ၂၀၂၀ ပြည့်နှစ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူထုအား ကစားနှင့် ပညာပေးဌာနခွဲက Online Physical Fitness Dance ပြိုင်ပွဲကို တာဝန်ယူကျင်းပခဲ့ ရာတွင် နေပြည်တော်အပါအဝင် ပြည်နယ်၊ တိုင်း ဒေသကြီးအားလုံးမှ မြို့နယ်အားကစားမှူးများ၏ အဓိက စည်းရုံးဆောင်ရွက်မှုဖြင့် ကလေး၊ လူငယ်၊ လူကြီး၊ ဉာဏ်ရည်မမီသူများနှင့် မသန်စွမ်းသူများ အပါအဝင် ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာတွင် တိုင်းဒေသကြီးများထက် ချင်း ပြည်နယ်နှင့် ကယားပြည်နယ်များမှ မြို့နယ်၊ ခရိုင်များက ထူးခြားစွာဆုများ ပိုမိုဆွတ်ခူးခဲ့သည်ကို အမှတ်တရ ဖြစ်ခဲ့ပါသည်။
WHO စစ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life expectancy) မှာ (၆၇ ဒသမ ၇၈)နှစ်မျှသာရှိကြောင်း၊ အရွယ်မတိုင်မီ သေဆုံးမှုများနေကြောင်း၊ ယေဘုယျအားဖြင့် အသက် ၃၀ နှင့် ၆၉ နှစ်ကြားသေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ မကူးစက်သောရောဂါများကြောင့် ဖြစ် ကြောင်း ဖော်ပြထားသည့်အတွက် ပြည်သူများ ကျန်းမာရေးချို့တဲ့လျှင် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းလျက် နိုင်ငံ၏ GDP ပမာဏကိုပါ ထိခိုက်လာမည်ဖြစ်ရာ ပြည်သူများသက်ရှည်ကျန်းမာရေးအတွက် အားကစားကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ရည်ညွှန်းနေပေသည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍတွင် ထပ်မံတိုးမြှင့် ပြုပြင်ဆောင်ရွက်ရန် အောက်ပါအချက်များ လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-
(က) ယခင်ကျင်းပခဲ့ဖူးသော ပြည်သူတို့အတွက် ကျန်းမာရေးအထောက်အကူပြုဆိုင်ရာ ညီလာခံများမှ ထွက်ပေါ်လာသော Outcome ရလဒ်ကို ပြန်လည်သုံးသပ်၍ စနစ်တကျ အကောင်အထည်ဖော်ရန်၊
(ခ) ကိုယ်ပိုင်ပညာသင်ကျောင်းများ အပါအဝင် အခြေခံပညာကျောင်းများတွင် လက်ရှိ ကာယချိန်များ၌ အမှန်တကယ် ကျောင်း သား ကျောင်းသူများ ပါဝင်လှုပ်ရှားနိုင်မှု ရှိ မရှိ သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ အောက်ခြေအထိ စိစစ်ကြပ်မတ်၍ တာဝန်ရှိသူများကို ဆုပေး၊ ဒဏ်ပေးစနစ် ဆောင်ရွက်စေရန်၊
(ဂ) ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစက်ရုံ၊ ကုမ္ပဏီ များတွင် လုပ်ငန်းခွင်အတွင်း သတ်မှတ် အချိန် တစ်ခုစီစဉ်ပေး၍ “ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး”ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်၊
(ဃ) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအတွက် စနစ်တကျပြသနိုင်သည့် ကာယ ဆရာဆရာမများ အပါအဝင် နည်းပြများကို အလုပ်အကိုင် အခွင့်အလမ်းတစ်ခု အနေဖြင့် အလုပ်ခန့်ထားနိုင်ရေး စီစဉ်ပေးရန်၊
( င ) ကိုယ်လက်လှုပ်ရှားမှုတွင် မသန်စွမ်းသူများ၊ ဉာဏ်ရည်မမီသူများ၊ သက်ကြီး ရွယ်အိုများပါလုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ပေးရန်၊
( စ ) ကာယကြံ့ခိုင်ရေး စုပေါင်းလှုပ်ရှားနိုင်သော နေရာများ ဖန်တီးပေးရေးနှင့် Outdoor Fitness ကဲ့သို့ ကိရိယာများကို အများပြည်သူတို့ လွယ်ကူစွာ ကစားနိုင်ရေး ပိုမို တပ်ဆင်ပေးရန်၊
(ဆ) လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ဒီဇင်ဘာ တစ်လတည်းတွင်သာမက ကျန်လများ (မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော လများမှအပ)တွင် လည်း တစ်ပတ်လျှင် တစ်ရက်ခန့် စုပေါင်းလမ်းလျှောက်နိုင်ရေး ကိုယ့်နယ်မြေ ဒေသ အခြေအနေအရ စုပေါင်းလှုပ်ရှား ဆောင်ရွက်ရန်၊
(ဇ) လူထုလမ်းလျှောက်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ခြေလျင်နှင့် တောင်တက်အသင်း အပါအဝင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ မဖြစ်မနေပါဝင်ရေး စည်းရုံး ဆောင်ရွက်ရန်၊
(ဈ ) ရပ်ကွက်အတွင်း ကလေးကစားကွင်း များ၊ ပန်းခြံများတွင် ဒန်း၊ လျှော၊ ပုခက်၊ ဘတ်စကက်ဘောတိုင်၊ ကွင်းများ တပ်ဆင်ထားလျက် မိသားစုများ အပန်းဖြေ၍ ကလေးသူငယ်များ ဆော့ကစားလျက် အားကစားတွင် စိတ်ပါဝင်စားလာစေရေး စီစဉ်ပေးရန်၊
(ည) မိသားစု ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို မြန်မာ့အသံမှ ထုတ်လွှင့်သကဲ့သို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်တွင် မိသားစုများကသာ ပါဝင်ယှဉ်ပြိုင်နိုင် သော သုံးယောက်တွဲ (3x3) ဘတ် စကက်ဘောပြိုင်ပွဲ၊ နှစ်ယောက်တွဲ ကျား၊ မ ကြက်တောင်၊ စားပွဲတင် တင်းနစ်ကဲ့သို့သော အားကစားပြိုင်ပွဲမျိုး တီထွင်ကျင်းပပေးရန်၊
( ဋ ) အစိုးရရုံး၊ ကုမ္ပဏီ၊ ပညာသင်ကျောင်း အစ ရှိသည်တို့တွင် နိုင်ငံတော် နေ့ထူး နေ့မြတ်များ၌ အခါအားလျော်စွာ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပေးရန်၊
( ဌ ) ပြည်နယ်၊ တိုင်းဒေသကြီး လူဦးရေ အနည်းအများ ပေါ်မူတည်၍ အနည်း ဆုံး မြို့နယ်(၃၊ ၄၊ ၅)ခုတွင် ပြေးခုန်ပစ်၊ ဘောလုံး၊ဘော်လီဘော၊ ကြက်တောင်၊ ဘတ်စကက်ဘောကဲ့သို့ အိုလံပစ် အားကစားနည်း ၄၊ ၅ မျိုးကို မဖြစ်မနေ ကျင်းပရန်နှင့် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားမှူးများမှ လှုံ့ဆော် စည်းရုံးဆောင်ရွက်ပေးရန် ၊(အား/ကာ သိပ္ပံများ လူရွေးချယ်ရေးအတွက်ပါ အထောက်အကူပြုစေမည် ဖြစ်ပါသည်။)
( ဍ ) ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များ၌ အားကစား လှုပ်ရှားမှုများ ဖန်တီးရာ တွင် စေတနာရှင်၊ ဝါသနာရှင်များပါဝင်မှသာ ထိရောက်မည် ဖြစ်သည့်အတွက် အားကစားမှူး(အငြိမ်းစား)များ၊အခြား ဌာနများမှ အားကစား ကျွမ်းကျင်သူ (အငြိမ်းစား) ဝန်ထမ်းများကို စည်းရုံးပါဝင်စေရန်၊
( ဎ ) စင်ကာပူနိုင်ငံကဲ့သို့ စွန့်ပစ်ရမည့် အားကစား ဖိနပ်များဖြင့် ပြေးလမ်းခင်းသည့် အခင်းပြားများအဖြစ် တီထွင်ခြင်းမျိုးကို အားပေးခြင်း၊ ပြည်တွင်း အသေးစား၊ အလတ်စား MSME လုပ်ငန်းရှင်များမှ ပြည်ပထုတ် အား ကစားပစ္စည်းများအစား စရိတ် သက်သာသော အားကစားပစ္စည်းများ ထုတ်လုပ်ရာတွင် ရင်းနှီးငွေ၊ ချေးငွေ မတည်ပေးခြင်း၊ အခွန်သက်သာစေခြင်း(သို့) ကင်းလွတ်ရရှိရေးနှင့် တီထွင် ထုတ်လုပ်နည်းပညာအတွက် ပြည်ပနိုင်ငံများသို့ သွားရောက် လေ့လာနိုင်ရေး နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင် ရွက်ပေးရန်၊
(ဏ) တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေး ဆောင်ရွက်ချက်များ အမှန် တကယ် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးပြု၊ မပြုကို သက်ဆိုင်ရာ သုတေသီများ၊ ပညာရှင်များက စောင့်ကြည့်လေ့လာခြင်း၊ စစ်တမ်း ကောက်ခြင်း အပါအဝင် သုတေသန စာတမ်းပြုစုရန်၊
ထို့ပြင် ယခင်ကျင်းပခဲ့ဖူးသော နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာရေး မျှော်မှန်းကာ ပြည်ထောင်စုနေ့အထိမ်းအမှတ် Peace Marathon ကဲ့သို့သော ပြိုင်ပွဲမျိုးကို ပြန်လည်အကောင် အထည်ဖော် ကျင်းပနိုင်မည်ဆိုပါက လက်ရှိ နိုင်ငံတော်၏ လိုအပ်ချက်တစ်ရပ်ကို အားကစား ဌာနက ဖြည့်စွက်နိုင်သလို ပြည်သူလူထု စိတ် ချမ်းသာ ကိုယ်ကျန်းမာစေရေးကို မုချမသွေ အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဗဟိုအဆင့်ကြီးမှူးကျင်းပသော ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ် အားကစားသမားများကို နေပြည်တော်၌ စခန်းသွင်း လေ့ကျင့်ကာ စုဖွဲ့ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ ဘောလုံးအားကစားနည်းအတွက်ကိုမူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသာ သီးသန့် ပြင်ဆင်လေ့ကျင့်၍ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်လျက်ရှိပါသည်။
နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရှိစေရေးအတွက် ယခု ဆောင်ရွက်နေ သည့်အနေအထားမှ အောက်ပါတို့ကို ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်း၊ ပြုပြင်ဆောင်ရွက်မှုများကို စနစ် ကျနစွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါ သည်။ နိုင်ငံတကာအားကစား ပြိုင်ပွဲများအတွက် အလားအလာရှိသော အားကစားသမားများကို ရွေးချယ်ရန် ရည်ရွယ်ကျင်းပလျက်ရှိသော ပြည်နယ်၊ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ တွင် ဆုရရှိသူများကို ဒေသခံအစိုးရအဖွဲ့များမှ ယခင်ခေတ်ထက် ဆုကြေးများကို ပိုမိုချီးမြှင့်နေ ကြသည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် အလျောက် အဆိုပါပြိုင်ပွဲများအနက် အလေးမနှင့် စက်ဘီးကဲ့သို့သော အချို့အားကစားနည်းများတွင် ယခင်စံချိန်များကို ချိုးနိုင်ကြပြီဖြစ်၍ ပြည်နယ်၊ တိုင်းပြိုင်ပွဲများကို ကျင်းပရာတွင် အောက်ပါတို့ကို ပြင်ဆင်သင့်ပါသည်-
(က) အသက်မှန်ကန် တိကျမှုရှိရေးနှင့် အမည် ပြင်ဆင်ထားမှု၊ လူစားထိုး ယှဉ်ပြိုင်မှုတို့အတွက် စစ်ဆေးခြင်းကို “လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန”မှ နိုင်ငံသားစိစစ် ရေးကတ် အချက်အလက်ဆိုင်ရာ EID Software (သို့) လက်ဗွေ Scan Software နှင့် တိုက်ဆိုင်စစ်ဆေးရန်၊
( ခ ) ခန္ဓာကိုယ်အလေးချိန်နှင့် ယှဉ်ပြိုင်ရ သော ဂျူဒိုကဲ့သို့ Contact games များတွင် ဝိတ်အလေးချိန်တူလျက် အသက်ကွာဟချက်များသော ပြိုင်ပွဲ များတွင် အသက်နုငယ်သော ကစား သမားသည် လက်ဖျံရိုး၊ ညှပ်ရိုးကျိုး ခြင်း ဒဏ်ရာရမှု လျော့နည်းစေရန်၊ အသက်ငယ်၍ ခန္ဓာကိုယ်အလေးချိန် ကွာဟမှုနည်းသူ အချင်းချင်းပြိုင်စေရန် နှင့် အသက်ငယ်ရွယ်သော ထူးချွန် ကစားသမားများ ပေါ်ထွက်ရန် U-13, U-15,U-20 ကဲ့သို့သော သက်တမ်းအလိုက် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးရန်၊
( ဂ ) ပြိုင်ပွဲကာလအတွင်း ဒိုင်များ ဆုံးဖြတ်ရ ခက်ခဲသော ရမှတ်ပေးသင့်၊ မပေးသင့် ပြဿနာအတွက် အသေးစိတ်ပြန် စိစစ်နိုင်သော Var (ဘားစနစ်) အသုံးပြု နိုင်ရေး စီစဉ်ပေးရန်၊
(ဃ) လူငယ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရန် အသက်လိမ်ထားသည့် ကစားသမားများကို ဖော်ထုတ်တွေ့ရှိပါက ဆက်စပ်သူများကို ထိရောက်စွာ အရေးယူရန်၊
အဆိုပါ ပြည်နယ်၊ တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများ အပါအဝင် အခြားအားကစားပြိုင်ပွဲများမှ ထွက်ပေါ်လာသော ထူးချွန်အားကစားသမားများကို အောက်ပါအတိုင်း ပြည်ပပြိုင်ပွဲများအတွက် စီစဉ်ဆောင်ရွက်ပေးသင့်ပါသည် -
(က) အားကစားသမားများ စားသုံးသော အစားအစာသည် ၎င်းလေ့ကျင့်နေသော အားကစားနည်းနှင့် ကိုက်ညီစေရေး ကယ်လိုရီတွက်ချက်၍ Sports Nutrition နှင့် လျော်ညီစွာကျွေးမွေးနိုင်ရေး ဆေးသုတေသနဦးစီးဌာန အပါအဝင် သက်ဆိုင်ရာပညာရှင်များမှ စစ်ဆေးနိုင်ရေး စီမံပေးရန်၊
( ခ ) လက်ရွေးစင် အားကစားသမားများ သုံးစွဲသော အားဆေးများမှာ တားမြစ် ဆေးဝါး ဥပဒေနှင့်ကင်းလွတ်သော ဆေးများ သုံးစွဲနိုင်ရေးအတွက် “မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့” ( MADO )မှ စိစစ် နိုင်ရေး စီစဉ်ပေးရန်၊
( ဂ ) ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲများ၊ ချစ်ကြည်ရေးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပလျှင် မိမိထက်အဆင့်သာသော နိုင်ငံအသင်းများကို ဦးစားပေး ဖိတ် ကြား ယှဉ်ပြိုင်စေရန်၊
(ဃ) ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်နိုင် ရန် စီစဉ်ပေးရာတွင် အားကစားသမားများ Overweight မဖြစ်စေရန် အစားအစာ သုံးဆောင်မှုကို ကြီးကြပ်ကွပ်ကဲပေးရန်၊
(ဆက်လက်ဖော်ပြပါမည်)