ကရာကတ် ၈ မေ

ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီ ၃၀ ရက် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး ၂၃၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗင်နီဇွဲလား နိုင်ငံ ရှေ့နေချုပ် ဝီလီယံဆတ်ဘ်က ယမန်နေ့က ပြောသည်။

အဆိုပါ အာဏာသိမ်းကြိုးပမ်းမှုကို အတိုက်အခံခေါင်းဆောင်များဖြစ်သော  လီယိုပေါ်လ်ဒိုလိုပက်ဇ်နှင့် ဂျူအန်ဂွိုက်ဒို ၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာကြောင်း သိရပြီး ပုန်ကန်သူစစ်သားများကလည်း ထောက်ခံခဲ့ကြောင်း ဆတ်ဘ်က ဒေသတွင် ရုပ်မြင်သံကြားသို့ ပြောခဲ့သည်။

ပြည်နယ်ရှေ့နေချုပ်ရုံးက ၁၈ ဦး အား ဝရမ်းထုတ်ထားပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအချို့ ပါဝင်ကြောင်း ရှေ့နေချုပ်က ပြောကြားသည်။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပြည်ထောင်စု ဥပဒေပြု နန်းတော် အဆောက်အအုံရှိ ဘိုလီဗာရီးယမ်းအမျိုး သား လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲဟောင်း အီလစ်ချ်ဆန်ချက်ဇ်ဖာရီးယက်စ်လည်း ပါဝင်ကြောင်း ရှေ့နေချုပ်က ဆက်လက် ပြောကြားသည်။

ဆန်ချက်ဇ်သည် ၎င်း၏တပ်သားများကို ပုံမှန်စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ရန်ဟုပြောကာ လှည့်ဖြားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက အဆိုပါ တပ်သားများကို ဂျူအန်ဂွိုက်ဒိုတို့ဆီသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း စုံစမ်းစစ်ဆေးရေး အာဏာပိုင်များအဆိုအရ သိရသည်။

ဆင်ဟွာ