ကာရာကတ်စ် ၈ ဧပြီ
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ဗင်နီဇွဲလားအရေး ဆွေးနွေးပွဲ ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက်မက္ကဆီကို၊ ဘိုလီးဗီးယား၊ ဥရုဂွေးနှင့် ကာရေဘီယန်နိုင်ငံများအား တိုက်တွန်းပြောကြားခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။
နှစ်လအကြာက ဥရုဂွေးနိုင်ငံမြို့တော် မွန်တီဗီဒီယိုမြို့တွင် အဆိုပါနိုင်ငံများက ဗင်နီဇွဲလားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးမှုများကို ပြန်လည်အသက်ဝင်လာစေရန် သမ္မတမာဒူရိုက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးပွဲစကားဝိုင်းများနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ထွက်ပေါ်လာသော ရလဒ်များကို သဘောတူညီမှုရယူကာ ဗင်နီဇွဲလားနိုင်ငံကောင်းကျိုးအတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သမ္မတမာဒူရိုက ဆိုသည်။
သမ္မတ မာဒူရိုနှင့်မဟာမိတ်နိုင်ငံများက ဆွေးနွေးပွဲစကားဝိုင်းဆီသို့ စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုအား ဖိတ်ခေါ်ခဲ့သော်လည်း အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက်တွင် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ၄င်းကိုယ်ကို ဗင်နီဇွဲလား တရားဝင်သမ္မတအဖြစ်ကြေညာခဲ့ပြီးနောက် ဗင်နီဇွဲလားအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲကိုအမေရိကန်နှင့် အခြားသောနိုင်ငံများက အသိအမှတ်ပြုခဲ့သည်။
ဆင်ဟွာ