နေပြည်တော် ၉ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာတီရာနား ဟိုဆေးဖီနာ ပြုတ် (ခ်) မော်ရယ်နို အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဗင်နီဇွဲလား ဘိုလီဗာရီယန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။
မစ္စတာတီရာနား ဟိုဆေးဖီနာ ပြုတ်(ခ်) မော်ရယ်နို သည် စိုက်ပျိုးရေးဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် လည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံမဟာဘွဲ့ကို ၁၉၉၃ ခုနှစ်တွင် လည်းကောင်း၊ အပင်မျိုးရိုး ဗီဇရင်းမြစ်နှင့် ဇီဝတုံ့ပြန်မှုဆိုင်ရာ ပါရဂူဘွဲ့ ကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။ သူမသည် ဗင်နီဇွဲလားဗဟို တက္ကသိုလ်၊ သီးနှံစိုက်ပျိုးရေးပညာဌာနတွင် သုတေသနပြု ဆရာမအဖြစ် ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိလည်းကောင်း၊ Ministry of People's Power for Agriculture and Land (MAT) ၊ ဒုတိယဝန်ကြီးအဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိလည်းကောင်း ၊ Socialist School of Tropical Agriculture (ESAT) ၏ ဌာနမှူး အဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ လည်းကောင်း၊ Venezuelan Cacao Socialist Cooperation ဥက္ကဋ္ဌ အဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ လည်းကောင်း၊ National Institute of Agricultural Research (INIA) ဥက္ကဋ္ဌအဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိလည်းကောင်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အကြံပေးအဖြစ် ၂၀၁၅ ခုနှစ်တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီးအဖြစ် ၂၀၁၉ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်လျက်ရှိသည်။
သတင်းစဉ်


