တိုကျို ၁၂ မတ်
ဗင်နီဇွဲလားနိုင်ငံ သမ္မတမာဒူရို၏ အစိုးရအဖွဲ့အား ထောက်ပံ့မှုပေးခဲ့သည့် မော်စကို အခြေစိုက် ဘဏ်တစ်ဘဏ်အား အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
ရုရှားနှင့် ဗင်နီဇွဲလားအစိုးရပိုင် ကုမ္ပဏီတစ်ခုတို့ ပူးတွဲပိုင်ဆိုင်သည့် အီဘရိုဖိုင်းနန့်စ် မွန်နာစ်ဘဏ်အား အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ မတ် ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
အဆိုပါဘဏ်သည် ဗင်နီဇွဲလားအစိုးရပိုင် ရေနံ ကုမ္ပဏီအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြပြီး ယင်းဘဏ်အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရာတွင် အမေရိကန်ပြည်ထောင်စုရှိ ယင်းဘဏ်၏ ပိုင်ဆိုင်မှုများအား ပိတ်သိမ်းမှုလည်း ပါဝင်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီက ဗင်နီဇွဲလားနိုင်ငံမှ ရေနံစိမ်းများကို ဆက်လက်ဝယ်ယူနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပြီး ရုရှားသည် ၄င်းနှင့်ရင်းနှီးမှုရှိသည့် သမ္မတမာဒူရိုအစိုးရကို အကာအကွယ်ပေးရန် စစ်လက်နက်ပစ္စည်းပမာဏ အများ အပြားကို ပေးအပ်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံကလည်း ဗင်နီဇွဲလားနိုင်ငံ လျှို့ဝှက်ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရန်အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို ဗင်နီဇွဲလားနိုင်ငံသို့ စေလွှတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသအား ၄င်း၏ ပိုင်နက်နယ်မြေအတွင်း သွတ်သွင်းမှုနှင့် တာလတ်ပစ် အဏုမြူဒုံးလက်နက်များဆိုင်ရာ သဘောတူညီမှုများမှ နုတ်ထွက်မှုများကြောင့် အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံ အကြားတင်းမာမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေစဉ်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားဘဏ်တစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ