ကာရာကတ်စ် ၁၈ ဖေဖော်ဝါရီ
ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ထောင်ပေါင်းများစွာသော လုပ်အားပေးပြည်သူများက အမေရိကန်၏ လူသားချင်း စာနာထောက်ပံ့ပစ္စည်းများအား နိုင်ငံအတွင်းသို့ရောက်ရှိရန် စတင်ကြိုးပမ်းလျက်ရှိပြီဖြစ်ကြောင်း ယမံနေ့အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကအမေရိကန်၏ ထောက်ပံ့ရေးပစ္စည်းများပေးပို့မှုသည် နိုင်ငံအတွင်းသို့ကျူးကျော်ဝင်ရောက်ခြင်း ပုံစံတစ်မျိုးဖြစ်သည်ဟုပြောကြားကာ ထောက်ပံ့ရေးပေးပို့မှုကို တားဆီးပိတ်ပင်လျက်ရှိသည်။ ထို့ပြင် ကိုလံဘီယာနယ်စပ်တွင် တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ထားရန် ဖေဖော်ဝါရီ ၁၆ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
တစ်ချိန်က ဥစ္စာဓနပေါကြွယ်ဝသည့်နိုင်ငံဖြစ်သော ဗင်နီဇွဲလားနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ကို လက်ကိုင်ကျင့်သုံးသော သမ္မတ မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုတို့အကြား အာဏာလွန်ဆွဲပွဲဖြစ်ပွားလျက်ရှိသည်။ အတိုက်အခံခေါင်းဆောင်ဂွါအီဒိုသည် လွန်ခဲ့သောလအတွင်းက ၎င်းကိုယ်ကို သမ္မတအဖြစ်ကြေညာခဲ့ပြီး သူ့အား ထောက်ခံသည့်နိုင်ငံ ၅၀ ကျော်လာရှိလာခဲ့ပြီဖြစ်သည်။
သမ္မတမာဒူရိုလက်ထက်တွင် နိုင်ငံ၏စီးပွားရေး ချွတ်ခြုံကျဆင်းခဲ့ပြီး သန်းပေါင်းများစွာသော ပြည်သူများသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများအပြင်အစားအစာနှင့် ဆေးဝါးပြတ်လပ်မှုများကို ရင်ဆိုင်နေရသည်။
ကိုလံဘီယာနယ်စပ်မြို့ ကူကူတာတွင် ရောက်ရှိနေသော အမေရိကန်ထောက်ပံ့ရေးပစ္စည်းများအား ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ရောက်ရှိစေရန် ကြိုးပမ်းမှုသည် သမ္မတမာဒူရိုနှင့် အတိုက်အခံခေါင်းဆောင်ဂွါအီဒိုတို့၏ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုဖြစ်လာခဲ့သည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများ နိုင်ငံအတွင်းသို့ရောက်ရှိစေရေးအတွက် အဖြူရောင်တီရှပ်နှင့် ခေါင်းစည်းပဝါများဝတ်ဆင်ထားသော လုပ်အားပေးပြည်သူ ၄၀ဝ၀ ခန့်က စွမ်းစွမ်းတမံ ဆောင်ရွက်ကြ မည်ဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ဆိုသည်။
ယင်းလုပ်အားပေးပြည်သူများအနက် ဆရာဝန်များ၊ သူနာပြုများနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်ကြောင်း သိရသည်။
အမေရိကန်ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော လေယာဉ်တစ်စင်းသည် မိုင်ယာမီမြို့ ကူရာကာအိုမြို့သို့ ထပ်မံရောက်ရှိခဲ့ပြီဖြစ်သည်။ ဘရာဇီးနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှုစင်တာကိုလည်း ကူရာကာအိုမြို့၌ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ဆိုသည်။
သမ္မတမာဒူရိုက ပြည်သူများအတွက် အစားအစာ သေတ္တာများနှင့် ဆေးဝါးများအပါအဝင် ဆေးဝါးထောက်ပံ့မှုပစ္စည်း ၉၃၃ တန်ခန့်ကို တရုတ်၊ ကျူးဘားနှင့် ရုရှား နိုင်ငံများအပါအဝင် ၎င်း၏မဟာမိတ်နိုင်ငံများမှ ဝယ်ယူထားပြီးဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။
အေအက်ဖ်ပီ