ဗင်နီဇွဲလား သမ္မတ မာဒူရိုက တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်မည်ဟု ယူဆရသောကြောင့် ပြည်သူများအနေဖြင့် တွန်းလှန်မှုများပြုလုပ်ရန် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွီဒိုက ပြောကြားလိုက်သည်။

စစ်ဘက်တပ်ဖွဲ့ဝင်များ မာဒူရိုအားဆန့်ကျင်မှုတွင်ပါဝင်ရန် ဟွမ်ဂွီဒိုသည် ယမန်နေ့နံနက်ပိုင်းက ကာရာကတ်မြို့တော်၊ သမ္မတရုံးအနီးရှိ လေတပ်အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိသည်။ 

ဟွမ်ဂွီဒိုနှင့်အတူ စစ်ယူနီဖောင်းဝတ်ဆင်ထားသူများ၊ ထင်ရှားသည့် အတိုက်အခံခေါင်းဆောင် လီရိုပိုဒိုလိုပက် တို့လည်း လိုက်ပါလာသည်။ လိုပက်အား နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ဟွမ်ဂွီဒိုမိန့်ခွန်းပြောကြားပြီးနောက် ပြည်သူများစွာသည် ကာရာကတ်မြို့တော်ရှိ လမ်းမများသို့ စုဝေးရောက်ရှိ လာခဲ့ပြီး မာဒူရိုအား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုကာ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

 

mdn

 

သို့သော်လည်း စစ်ဖက်အကြီးတန်းအရာရှိများ မာဒူရိုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အရေးအခင်းကို ဦးဆောင်သူ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ် ၂၅ဦးသည် ဗင်နီဇွဲလားနိုင်ငံရှိ ဘရာဇီးသံရုံးတွင် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေကြောင်း ဒေသန္တရမီဒီယာများက ပြောကြားခဲ့သည်။ လိုပက်ကလည်း ကာကွယ်စောင့် ရှောက်ပေးရန်အတွက် ချီလီသံရုံးသို့ တောင်းဆိုခဲ့သည်ဟု ၄င်းတို့က ဆိုသည်။ 

မာဒူရိုသည် အင်္ဂါနေ့ နံနက်ပိုင်းတွင် ကျူးဘားသို့ လေယာဉ်ဖြင့် ထွက်ခွာရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက CNN သို့ ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ် ရရှိမှုနှင့်ပတ်သက်၍မေးမြန်းရာတွင် ပွန်ပီယိုက အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားပြည်သူများအပြင် တပ်မတော်၊ အတိုက်အခံခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားသည်။

သမ္မတ မာဒူရိုအား ထောက်ပံ့ခြင်းကို ရပ်တံ့ရန် ရုရှားနှင့် ကျူးဘားနိုင်ငံတို့အား ပွန်ပီယိုက တောင်းဆိုလိုက်သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn