ကာရာကားစ် အောက်တိုဘာ ၁၁

 

ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း အာရာဂွာပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိသေဆုံးသူ ၃၆ ဦးရှိလာပြီး ၅၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဗင်နီဇွဲလာနိုင်ငံ၏ ပြည်တွင်းဆက်ဆံရေး၊ တရားရေးနှင့် ငြိမ်းချမ်းရေးဝန်ကြီး ရီမီဂျီယိုဆီဘာလော့စ်က ပြောကြားသည်။

 

ထို့အပြင် ဗင်နီဇွဲလားအစိုးရသည် အစားအစာနှင့် သောက်သုံးရေတန်ချိန် ၃၀၀ ခန့်ကို အခင်းဖြစ်ပွားသည့် နေရာသို့ ဖြန့်ဝေထားသလို  ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီနှင့် ဘိုလီးဗီးယား အမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင်များအပါအဝင် လူ ၃၀၀၀ ကျော်တို့ကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခင်းဖြစ်ပွားသည့်နေရာသို့  စေလွှတ်ထား ကြောင်း ၎င်းက ပြောကြားသည်။ 

 

ဗင်နီဇွဲလားဒုတိယသမ္မတ ဒယ်လ်ဆီရိုဒရီဂွက်ဇ်က ကနဦးပြောကြားချက်အရ နိုင်ငံ၏ လားစ်တီဂျီရီးယားစ်မြို့ တွင် မြေပြိုမှုကြောင့် လူနေအိမ် ၃၁၇ လုံး လုံးဝပျက်စီးသွားပြီး ၇၅၇ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

 

သို့သော် မြေပြိုမှုကြောင့် ပြတ်တောက်သွားသည့် လျှပ်စစ်မီးကိုမူ ပြန်လည်ရရှိခဲ့သော်လည်း သောက်သုံးရေ ဝန်ဆောင်မှုမှာ လက်ရှိအချိန်အထိ ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ