ဝါရှင်တန် ၁၉ ဖေဖော်ဝါရီ
အမေရိကန်သမ္မတထရမ့်က ဗင်နီဇွဲလားနိုင်ငံ၌ ဆိုရှယ်လစ်စနစ် အဆုံးသတ်ရန် မိန့်ခွန်းပြောကြားလိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံ၌ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် နည်းလမ်းရှာနေကြောင်း၊ ရွေးချယ်စရာ နည်းလမ်းများအတွက် လမ်းဖွင့်ထားကြောင်း ပြောကြားလိုက်သည်။
ဗင်နီဇွဲလားတပ်ဖွဲ့ဝင်များ သမ္မတနီကိုးလပ်စ်မာဒူရိုအမိန့်ကို လျစ်လျူရှုရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဂျူအန်ဂွိုက်ဒို ကမ်းလှမ်းထားသည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို လက်ခံရန်လည်း မိုင်ယာမီဒေသတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ က ဗင်နီဇွဲလားနိုင်ငံ ၏ ယာယီသမ္မတအဖြစ် အသိအမှတ်ပြုထားကြောင်း သိရသည်။
ထို့အတူ ဗင်နီဇွဲလားတပ်ဖွဲ့ဝင်များကိုလည်း အရာအားလုံး ဆုံးရှုံးနိုင်ကြောင်း သမ္မတထရမ့်က သတိပေးခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်လွှား ပုန်းခိုရန်ငွေရှိနေသည့် ဗင်နီဇွဲလား စစ်ဘက် ဆိုင်ရာအရာရှိများနှင့် ၎င်းတို့၏ မိသားစုများ မည်သည့်နေရာတွင် ပုန်းနေပုန်းနေ အမေရိကန်ပြည်ထောင်စုက သိမည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်သည်။
ထို့အတူ ဗင်နီဇွဲလားနိုင်ငံကိုပေးပို့သည့် နိုင်ငံခြား အထောက်အပံ့များကိုလည်း မတားဆီးရန် သမ္မတထရမ့်က ဗင်နီဇွဲလား တပ်ဖွဲ့ဝင်များကို သတိပေးခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံထဲသို့ တင်ပို့ရန်အစားအစာနှင့် ဆေးဝါး တန်ချိန်ပေါင်းများစွာ တစ်ဖက် ကိုလံဘီယာနယ်စပ်တွင် ရောက်ရှိနေကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းများ တင်ဆောင်လာသော အမေရိကန်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်သုံးစင်းလည်း ကိုလံဘီယာနိုင်ငံ ကူကူတာကို မကြာသေး မီကရောက်ရှိခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ