၁၁ ဖေဖော်ဝါရီ
နိုင်ငံရဲ့ ရေနံထုတ်လုပ်ရေးလုပ်ငန်းကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးထားနိုင်ခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားအစိုးရဟာ နိုင်ငံ့စီးပွားရေးစုန်းစုန်းမြုပ်မသွားစေဖို့နဲ့ အာဏာကိုဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ရာ အတွက် နိုင်ငံရဲ့ ရေနံလုပ်ငန်းကို ပြည်ပက ကုမ္ပဏီတွေဆီ လုပ်ပိုင်ခွင့်ပေးပြီး မသိမသာ လက်လျှော့အရှုံးပေးလာတဲ့ အနေအထားကို တွေ့မြင်နေရပြီဖြစ်ပါတယ်။
အပြောင်းအလဲတစ်ခုနဲ့ နိဒါန်းဖွင့်
ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်းအပေါ်မှာ ဆယ်စုနှစ်တွေကြာအောင် နိုင်ငံတော်က ထိန်းချုပ်ညွှန်ကြားလာခဲ့တဲ့ အခြေအနေကို ချိုးဖျက်လိုက်ခြင်းအားဖြင့် ဗင်နီဇွဲလားနိုင်ငံဟာ အံ့အားသင့်စရာ အပြောင်းအလဲတစ်ခုနဲ့ နိဒါန်းဖွင့်လိုက်ပါတယ်။ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ယခင်က အမြဲလိုလို နိုင်ငံ့ ရေနံမြေတွေအပေါ် အစိုးရက ထိန်းချုပ်ထားနိုင်စွမ်းအပေါ်မှာ တည်မှီလာခဲ့တာပါ။ ရေနံလုပ်ငန်းဟာ နိုင်ငံ့စီးပွားရေးရဲ့ ပင်မကျောရိုးဖြစ်ခဲ့ပြီး လုပ်ငန်းကနေရရှိသမျှ အကျိုးအမြတ်တွေကို ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုလာခဲ့ပါတယ်။
ပြိုလဲလုလု အခြေအနေရောက်ရှိ
သို့သော်လည်းပဲ နိုင်ငံရဲ့ အာဏာရှင်ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ နီကိုလပ်စ်မာဒူရိုဟာ နိုင်ငံ့စီးပွားရေး အကျပ်အတည်း ကျရောက်မှု ခုနစ်နှစ်မြောက်အချိန်ကာလထဲကို ဝင်ရောက်လာချိန်မှာ နိုင်ငံအပေါ် ၎င်းရဲ့အာဏာ ဆက်လက်တည်စေဖို့ကြိုးပမ်းနေခဲ့ပြီး တစ်ချိန်က ဆိုရှယ်လစ်ဝါဒကိုစေ့ဆော်တဲ့ တော်လှန်ရေးရဲ့ အချက်အချာဖြစ်တဲ့ မူဝါဒတွေကို စွန့်လွှတ်ဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံတော်ပိုင် ရေနံကုမ္ပဏီသာလျှင် အကြီးစားရေနံစီမံကိန်းတွေ အားလုံးမှာ အဓိကကျတဲ့ အစုရှယ်ယာပိုင်ဆိုင်သူအဖြစ် ရှိရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီအဓိကကျတဲ့ ကုမ္ပဏီဖြစ်တဲ့ ပက်ထရိုလီယို ဒီ ဗင်နီဇွဲလား ခေါ် (PDVSA) ကုမ္ပဏီဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ နှစ်ပေါင်းများစွာကြာအောင် လွဲမှားတဲ့စီမံခန့်ခွဲခဲ့မှုတွေနဲ့ အကျင့်ပျက်ခြစားမှု ဒဏ်တွေကြောင့် ပြိုလဲလုလု အခြေအနေကို ရောက်ရှိခဲ့ရတာကြောင့် လုပ်ငန်းဟာ ပြည်ပက လုပ်ဖော်ကိုင်ဖက်တွေရဲ့ လက်ထဲကို တရားဝင်ကြေညာခြင်းမရှိဘဲ ရောက်ရှိသွားခဲ့ပါတယ်။ လု
ခြုံရေးအစောင့်တွေ ငှားရမ်း
ဒီတော့ ဘာတွေဆက်ဖြစ်လာခဲ့ပါသလဲ။ ပုဂ္ဂလိကကုမ္ပဏီတွေက ရေနံစိမ်းတွေကို စုပ်ယူတယ်၊ ပြီးတော့ တင်ပို့ရောင်းချဖို့ စီစဉ်တယ်၊ အလုပ်သမားတွေကို လုပ်ခပေးတယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝယ်ယူရုံသာမက ဗင်နီဇွဲလားနိုင်ငံ အစွန်အဖျားမှာရှိတဲ့ ၎င်းတို့ရဲ့ လုပ်ငန်းခွင်တွေကို ကာကွယ်ဖို့ လုံခြုံရေး အစောင့်တွေကိုပါ ငှားရမ်းထားသေးကြောင်းကို နိုင်ငံအတွင်းရှိ စွမ်းအင်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရေနံဆိုင်ရာ အကြံပေးဆွေးနွေးသူတွေနဲ့ မန်နေဂျာတွေဆီကနေ ကြားသိခဲ့ရပါတယ်။
ဒီတော့ သက်ရောက်မှုအနေနဲ့ တိတ်တဆိတ် ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းက နေရာယူလာတယ်လို့ ၂၀၁၇ ခုနှစ် မစ္စတာ မာဒူရိုနဲ့ သဘောထားကွဲပြားမှုတွေ စတင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မတိုင်မီ ဗင်နီဇွဲလား ရေနံစက်ရုံတွေကို ဆယ်စုနှစ်များစွာကြာအောင် လည်ပတ်ဆောင်ရွက်လာခဲ့သူ ရဖယ်လ်ရာမီရက်ဇ်က ယခု ရက်သတ္တပတ်အတွင်းမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မေးခွန်းတွေ ဖြေကြားခြင်းမရှိ
ယနေ့မှာ PDVSA ရေနံကုမ္ပဏီဟာ ကျွန်ုပ်တို့ရဲ့ ရေနံလုပ်ငန်းကို စီမံခန့်ခွဲခြင်းမရှိတော့သလို ဗင်နီဇွဲလားနိုင်ငံသား တွေလည်း ဒါကို စီမံလုပ်ကိုင်ခြင်း မရှိတော့ဘူးလို့ မစ္စတာ ရာမီရက်ဇ်က ပြောကြားခဲ့ပါတယ်။ ။
ဗင်နီဇွဲလားရဲ့ သမိုင်းကြောင်းမှာ အဆိုးရွားဆုံး စီးပွား ရေးအကျပ်အတည်းကြောင့် နိုင်ငံအတွင်း ကသောင်းကနင်း အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အထဲမှာ သမ္မတ မာဒူရိုဟာ နိုင်ငံရဲ့ ရေနံလုပ်ငန်း ဆောင်ရွက်မှုတွေကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဆီကို လွှဲပြောင်းပေးအပ်ဖို့ သဲကြီးမဲကြီး လုပ်ဆောင်နေတယ်လို့သိရပါတယ်။ PDVSA ကုမ္ပဏီကတော့ မကြာသေးခင်က ပုဂ္ဂလိက လုပ်ဖော်ကိုင်ဖက်လုပ်ငန်းရှင်တွေကို ဘာတွေအလျှော့ပေး ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး မေးလာတဲ့ မေးခွန်းတွေကို တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ရေနံထုတ်လုပ်မှု အနိမ့်ဆုံးအထိရောက်ရှိ
ရေနံကဏ္ဍမှာ အစီအစဉ်တကျမဟုတ်တဲ့ အပြောင်းအလဲတွေဟာ မကြာသေးခင် လအနည်းငယ်အတွင်းမှာပဲ အရှိန်ကောင်းလာခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက စွမ်းအင်မူဝါဒတွေ ရှိလာခဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ရေနံလုပ်ငန်းကို ပြန်ပြီး ပြောင်းလဲလုပ်ဆောင်တဲ့လုပ်ရပ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ဘယ်လိုရယူသိမ်းပိုက်မလဲဆိုတဲ့ သာဓကတစ်ခုကို ပြဆိုနေသလိုမျိုးပါပဲ။
ဒါပေမယ့် ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းကို သမ္မတ မာဒူရို လုပ်ဆောင်လိုက်တဲ့ အပြောင်းအလဲဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် ပြိုလဲရမယ့် အခြေအနေကိုတော့ ရပ်တန့်သွားစေပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ဗင်နီဇွဲလား ရေနံထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံလောက်အထိ ဖယ်ရှားခံလိုက်ရပြီး ၁၉၄၀ ပြည့်နှစ်တွေကတည်းက လုပ်ဆောင်လာတဲ့ရေနံ ထုတ်လုပ်မှုပမာဏကို အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားစေခဲ့တယ်လို့ ရေနံတင်ပို့နိုင်ငံများအဖွဲ့ (OPEC)ကဖော်ပြတဲ့ အချက်အလက်တွေမှာ ဖော်ပြနေပါတယ်။
ငွေကြေးစီးဆင်းမှု အရင်းအမြစ်ဖြစ်ခဲ့
ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိရေနံထုတ်လုပ်မှုဟာ ၁၉၉၈ ခုနှစ် မစ္စတာဟူဂိုချာဗက်ဇ် အာဏာရခဲ့စဉ်တုန်းက ထုတ်လုပ်ခဲ့တဲ့ စုစုပေါင်းရေနံပမာဏရဲ့ သုံးပုံတစ်ပုံလောက်တောင် မရှိတော့တဲ့အထိ ကျဆင်းနေတုန်းပါပဲ။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံက တစ်ရက်လျှင် ရေနံစည်ပေါင်း တစ်သန်းအထိ တင်ပို့ခဲ့ပြီး ရေနံတင်ပို့မှု ပမာဏဟာ တည်ငြိမ်နေခဲ့တယ်လို့ ဘလွန်းဘာ့ဂ်စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့ကရရှိတဲ့ အချက်အလက်တွေအရ သိခဲ့ရပါတယ်။
စီးပွားရေး အကျပ်အတည်းကျရောက်မှု မစတင်ခင် ၂၀၁၃ ခုနှစ်အထိ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီဟာ နိုင်ငံရဲ့ ခိုင်မာတဲ့ ငွေကြေးစီးဆင်းမှု အရင်းအမြစ်တစ်ခုအနေနဲ့ တည်ရှိလာခဲ့သလို အလုပ်အကိုင်ဖန်တီးပေးတဲ့ အကြီးဆုံးအလုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းမှာရှိတဲ့ လူနေမှုကဏ္ဍတွေ အားလုံးကို ထိုးဖောက်ရောက်ရှိခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ဈေးဝယ်ကုန်တိုက်တွေကနေ ပန်းခြံတွေအထိ လည်ပတ်နိုင်စေခဲ့တဲ့အထိ လွှမ်းခြုံသက်ရောက်နိုင်စွမ်းရှိခဲ့ပါတယ်။
အမေရိကန်ကို ပြစ်တင်ရှုတ်ချ
ယနေ့အခါမှာတော့ ပက်ထရိုလီယိုဒီ ဗင်နီဇွဲလားကုမ္ပဏီက အပြည့်အဝပိုင်ဆိုင်ခဲ့တဲ့ ရေနံတွင်းတွေဟာ နိုင်ငံရဲ့ ကျန်ရှိတဲ့ ရေနံလုပ်ငန်းတွေရဲ့ ထက်ဝက်လောက်တောင် မရှိတော့သလို ရေနံထုတ်လုပ်မှုပမာဏကလည်း ဆက်လက် ကျဆင်းနေတယ် လို့ သိရပါတယ်။ ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဘရော့က ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်နေတဲ့ အမေရိကန်ရဲ့ အရေးယူပိတ် ဆို့မှုတွေဟာ ဘောင်မဝင်ဘူးလို့ ကရာကတ်စ်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တရုတ်နဲ့ ကျူးဘားအပြင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို အဓိက ထောက်ခံပေးနေကြသူတွေထဲမှာ ရုရှားလည်း အပါအဝင်ဖြစ်ပါတယ်။ အဲဒီပိတ်ဆို့မှုတွေက ဘာမှအရေးမပါဘူး။ ဗင်နီဇွဲလားနိုင်ငံထဲမှာ စီးပွားရေးအကျပ်အတည်းဖြစ်ရတဲ့ အဓိကအကြောင်းကလည်း အဲဒီပိတ်ဆို့မှုတွေကြောင့်ပဲလို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဂျော့အရီယာဇာနဲ့ တွေ့ဆုံခဲ့မှုအတွင်း ၎င်းက ဝေဖန်ခဲ့တာပါ။ ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု အသစ်တွေ လုပ်လောင်ခဲ့ပါတယ်။ အဲဒီပိတ်ဆို့မှုတွေအပြင် ပြီးခဲ့တဲ့နှစ်ကလည်း ဗင်နီဇွဲလားရဲ့ ငွေကြေးစီးဆင်းမှု အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံပိုင် ရေနံကုမ္ပဏီကို ပိတ်ဆို့မှချမှတ်ခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ ၎င်းတို့ လုပ်ဆောင်နေတဲ့ ပိတ်ဆို့မှုမှန်သမျှဟာ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖြုတ်ချဖို့ပဲဖြစ်တယ်လို့ အတိအလင်း ထုတ်ပြောထားပါတယ်။
ကလျာမိုးမြင့်
ကိုးကား- အေအက်ဖ်ပီ၊ နယူးယောက်တိုင်းမ်