၄ အောက်တိုဘာ
စစ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ရည်ရွယ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားနိုင်ငံသို့ မကြာမီ သွားရောက်မည် ဟု ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို က ဆိုသည်။
ယမန်နေ့က ရုပ်မြင်သံကြားအစီအစဉ်တွင် မာဒူရိုက ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ မတရားဖိနှိပ်မှုကို ကြာရှည် ကြံ့ကြံ့ခံနိုင်သည့် နိုင်ငံဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ချီးကျူးခဲ့သည်။
အဆိုပါ ခရီးစဉ်သည် နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး မြှင့်တင်ရန် မာဒူရို၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ဒေသ ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် ဩဂုတ်လက မာဒူရိုအစိုးရကို စီးပွားရေးပိတ်ဆို့မှု ချမှတ်ခဲ့သည်။
ယာယီသမ္မတအဖြစ် ၎င်းကိုယ်တိုင် ကြေညာခဲ့သည့် အမျိုးသားလွှတ်တော်ခေါင်းဆောင်ဖြစ်သော ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန် ဂူအိဒို ကို ထရန့်အစိုးရက ထောက်ခံအားပေးထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို