နေပြည်တော်   ၁၃  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၂၅၈၀) ဦးခန့်၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၀၉၇) ဦး၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် (၆၂)ဦး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့၌ မဲဆန္ဒရှင် (၂၃၁)ဦးနှင့် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာ မြို့သို့လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲဖွင့်လှစ်ခဲ့သည့် Victoria ပြည်နယ် မဲလ်ဘုန်းမြို့ရှိ မဲရုံတွင် မဲဆန္ဒရှင် (၁၁၈)ဦးတို့ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးခဲ့ကြပါကြောင်းနှင့် မြန်မာသံရုံး လန်ဒန်မြို့တွင်လည်း ဒေသဆိုင်ရာ စံတော်ချိန်နှင့်အညီ ကြိုတင်မဲများ ဆက်လက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည့် မြန်မာသံရုံးများမှ သတင်းပေးပို့ချက်အရ မြန်မာသံရုံး ဘာလင်မြို့၌ မဲဆန္ဒရှင် (၂၉)ဦး၊ မြန်မာသံရုံး လန်ဒန်မြို့၌ မဲဆန္ဒရှင် (၁၂၈)ဦး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး နယူးယောက်မြို့၌ မဲဆန္ဒရှင် (၁၂၇)ဦး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ဂျီနီဗာမြို့၌ မဲဆန္ဒရှင် (၂၈)ဉီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး လော့စ်အိန် ဂျယ်လိစ်မြို့၌ မဲဆန္ဒရှင် (၄၃)ဦးတို့ ဆန္ဒမဲများ ပေးခဲ့ကြသည်။

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်း တို့ကို စနစ်တကျစီစဉ်၍ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များမှလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိ သည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး () ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ()ရုံးနှင့် ပြင်ပမဲရုံ(၁)ခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် စုစုပေါင်း (၄၀၈၈) ဦးနှင့် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ရက်တို့တွင် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် စုစုပေါင်း (၃၂၇) ဦးရှိခဲ့သဖြင့် မဲဆန္ဒရှင် စုစုပေါင်း (၄၄၁၅) ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်