နေပြည်တော် ၁၄ အောက်တိုဘာ

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၅၂၄)ဦး၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် (၅၇)ဦးနှင့် မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၂၄၃)ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် ဒေသဆိုင်ရာစံတော်ချိန်နှင့်အညီ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့် မြန်မာသံရုံး လန်ဒန်မြို့မှ သတင်းပေးပို့ချက်အရ မဲဆန္ဒရှင် (၈၅) ဦး ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများက ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်းတို့ကို စနစ်တကျစီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။

သို့ပါ၍ ယနေ့  မြန်မာသံရုံး (၃) ရုံး၌ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် စုစုပေါင်း (၁၈၂၄)ဦးနှင့် ယမန်နေ့တွင် ဒေသဆိုင်ရာ စံတော်ချိန်နှင့်အညီ ကြိုတင် ဆန္ဒမဲလာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် (၈၅) ဦးရှိသဖြင့် မဲဆန္ဒရှင် စုစုပေါင်း (၁၉၀၉) ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်