ဗန်းမော်၊ ဘားအံ၊ ပုသိမ်ကြီးနှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၆

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအနီးတွင် မမြင့်မြင့်သန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၅ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၁၁ နာရီတွင် ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာရှိ မမြင့်မြင့်သန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၈ ပြားကိုလည်းကောင်း၊

 

ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ကော့နန်းသာကျေးရွာအနီးတွင် ဇော်ဝင်းနိုင်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆ နာရီခွဲတွင် ကော့နန်းသာကျေးရွာရှိ ၎င်း၏နေအိမ်ကို ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊

 

ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအနီးတွင် ဌေးကိုကို မောင်းနှင်ပြီး မခင်ချိုဌေးနှင့် မသက်သက်ဆွေ တို့လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၃၀ ကိုလည်းကောင်း၊

 

ယင်းနေ့ ည ၇ နာရီ မိနစ် ၂၀ တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ လှိုင်ရှမ်းစု ရပ်ကွက်၊ ဘိုဂလိုလမ်း ဧည့်ရိပ်သာရှိ ကြည်လွင် တည်းခိုနေထိုင်သည့် အခန်းအမှတ်(၀၀၃)သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)