နေပြည်တော် ၄ မတ်
ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် နံနက်ပိုင်းက ဗန်းမော် မြို့နယ်၊ ပါပေါင်းကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာနေ မောင်လွင်(ခ)ဝင်းလွင်၏နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၁၅ ဒသမ ၆ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၂,၂၀၅ ပြားကိုလည်းကောင်း၊
အလားတူ ယင်းနေ့ ညနေပိုင်းက သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ကျောက်တိုင်ကားမှတ်တိုင်အနီးတွင် မျိုးကြီး မောင်းနှင်ပြီး ရွှေပိုးနှင့် မဆုမွန်လင်းမြင့် တို့လိုက်ပါလာသည့် PASSO အမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေရန် ရပ်တန့်ခိုင်းစဉ် မဆုမွန်လင်းမြင့်မှ ယာဉ်ပေါ်မှ ရှုံ့အိတ်တစ်အိတ်ကိုလွှင့်ပစ်ခဲ့ပြီး မော်တော်ယာဉ်ကို မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အထက(၅) ကျောင်းဘေး လမ်းကြားတွင် မဆုမွန်လင်းမြင့် အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ပြီး ယာဉ်အား ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား၊ ၄င်းလွှင့်ပစ်ခဲ့သည့် ရှုံ့အိတ်အတွင်းမှ ဘိန်းဖြူ ၆ ဂရမ်၊ အိုက်စ် ၁ ဒသမ ၄၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ယုဇနဥယျာဉ်အိမ်ရာ၊ ၇ လမ်း၊ တိုက်(၂၃)၊ အခန်း(၃၀၂/ဘီ)ရှိ ၄င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၉၉ ဂရမ် ၊ အိုက်စ် ၉ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး ၂,၂၃၃ ပြားနှင့် မြန်မာငွေကျပ် ၃၄ သိန်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မတ် ၃ ရက် မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွားပြည်ထောင်စု ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် ညီညီအောင်(ခ)သားကြီး မောင်းနှင်လာသည့် TOYOTA HILUX အမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ ၊ မြန်မာငွေကျပ် ၅၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN