ဗန်းမောက်-ဝန်းသို မြို့နယ်ချင်းဆက် လမ်းပေါ်တွင်ရှိသော အောင်သာကုန်းချောင်းကူးတံတား၊ ကန်တော်ရွာအနီး သဲဖြူချောင်းကူး တံတားနှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားများအား မည်သို့စီမံချက်ချမှတ်၍ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်း

၁၆ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုးက ဗန်းမောက်-ဝန်းသို မြို့နယ်ချင်းဆက် လမ်းပေါ်တွင်ရှိသော အောင်သာကုန်းချောင်းကူးတံတား၊ ကန်တော်ရွာအနီး သဲဖြူချောင်းကူး တံတားနှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားများအား မည်သို့စီမံချက်ချမှတ်၍ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဗန်းမောက်-ဝန်းသိုမြို့နယ်ချင်းဆက်လမ်းပေါ်တွင်ရှိသည့် တံတားသုံးစင်းအနက် ဗန်းမောက်အထွက်တွင် တည်ရှိသည့် အောင်သာကုန်းချောင်းကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင်လည်းကောင်း၊ ကန်တော်ရွာအနီး သဲဖြူချောင်းကူးတံတား တည်ဆောက်ရန်အတွက် (၁၂၀ x ၁၄၀)ပေ သံကူကွန်ကရစ်တံတားတစ်စင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင်လည်းကောင်းပါရှိပြီးဖြစ်ရာ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက မိမိတို့ အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

မင်းကုန်းရွာအနီး ချောင်းကူးတံတားတည်ဆောက်ပေးရန်နှင့် ပတ်သက်ပြီး၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသန္တရစီမံကိန်းရေးဆွဲရာတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ ဒေသ၏အခြား ဦးစားပေးလိုအပ်ချက်များအရ ၎င်းလုပ်ငန်းကို ထည့်သွင်းလျာထားခြင်းမရှိသည့်အတွက် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် အဆိုပါ မင်းကုန်းချောင်းကူး တံတား လုပ်ငန်းအတွက် ဒေသမှတာဝန်ရှိသူများပူးပေါင်း၍ ဒေသအတွက်အကျိုးပြုမှု၊ ဆောင်ရွက်ပေးသင့်သည့် တံတားအရှည်တို့ကို ကွင်းဆင်းစိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထား ထောက်ခံချက်ကို တင်ပြလာမည်ဆိုပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းတွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ် မူတည်ပြီး လုပ်ငန်းဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ထို့အတူ နောက်ထပ်တိုးမေးလာသည့် ဒရူး-ညောင်ကုန်းတံတားကိုလည်း ဆင်း၍စစ်ခိုင်းပေးပြီး မိမိတို့သတ်မှတ်သည့် အနီးစပ်ဆုံး ဘတ်ဂျက်တွင် လျာထားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN
Credit. ပြည်သူ့လွှတ်တော်