ဗန်းမော်   ၁၃     ဇူလိုင် 

           

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း၌ ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၁၃ ရက် နံနက် ၁ဝ နာရီက ဗန်းမော်မြို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်း၌ ကျင်းပခဲ့သည်။

           

 

ရှေးဦးစွာ ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးနန်ဒူက ကျွန်တော်တို့ နိုင်ငံဟာ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် နိုင်ငံကို တည်ဆောက်ရာတွင် အထွေထွေ ရွေးကောက်ပွဲကို များစွာအခြေခံကျသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ တစ်ထပ်တည်း ဖြစ်မှုဟူသော စံ(၅)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များတို့မှ မဲရုံပေါင်း(၂ဝဝ)ရှိပြီး ဇူလိုင်(၁၈)ရက်နေ့တွင် ပထမအကြိမ် မဲဆန္ဒရှင် အခြေခံ မဲစာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ကြော်ငြာသင်ပုန်းများတွင် ကြော်ငြာသွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင် အတွင်းရှိ တက်ရောက်လာသော နိုင်ငံရေးပါတီများက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ယင်းနောက် ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကျော်သိန်းဦးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော နိုင်ငံရေး ပါတီများက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးတင်ပြကြကာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးနန်ဒူက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

                                   

 

မျိုးလှိုင်(ပြန်/ဆက်)

2429