ဗန်းမော် ၂၂ နိုဝင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ လက်တွေ့စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်၊ လွယ်ဂျယ်မြို့နှင့် ဒေါ့ဖုန်းယန်မြို့တို့မှ ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကောက်ကွက်ပေါင်း(၃၈)ကွက် သတ်မှတ်ထားရှိကာ စာရင်းကောက် အဖွဲ့ပေါင်း(၆)ဖွဲ့ရှိပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိကို ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူပြီးစီးခဲ့သော ကောက်ကွက်ပေါင်း(၁၅)ကွက်ရှိခဲ့ရာ အိမ်ထောင်စု ပေါင်း (၅၂၅)စုတို့အား ကောက်ယူနိုင်ခဲ့ကြောင်း ဗန်းမော်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ လက်တွေ့စာရင်းကောက်ယူနေမှုများကို နိုဝင်ဘာ ၂၁ ရက်နေ့က ခရိုင်ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် အဖွဲ့ဝင်များတို့က ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်သို့ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြသည်။
"အခုကြားဖြတ်သန်းခေါင်စာရင်း လုပ်ငန်းစဉ်က ဗန်းမော်ခရိုင်မှာတော့ မြို့နယ်(၄)ခုနဲ့ မြို့နယ်ခွဲအဆင့် (၂)ခု ကောက်ဖို့ရှိပါတယ်၊ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အပြီးသတ် ကောက်ယူသွားပါမယ်၊ ကောက်ယူတဲ့နည်းစနစ်ကတော့ Mobile Tablet စနစ်နဲ့ထည့်ပြီး ကောက်ယူသွားပါတယ်၊ ကောက်တဲ့အခါမှာ ခရိုင်ကြားဖြတ် လူဦးရေသန်းခေါင် စာရင်းကောက်ယူရေး ကော်မတီအနေနဲ့ ဝင်ရောက်ကြည့်ရှုခြင်းဖြစ်တယ်၊ အခုတွေ့ကြုံရတဲ့ အနေအထားကတော့ တစ်မြို့လုံး၊ တစ်ခရိုင်လုံး ကောက်ခြင်းမဟုတ်ဘူး ကောက်ကွက်ရွေးချယ်ပြီး ကောက်တာဖြစ်တဲ့အတွက် တချို့ပြည်သူလူထုတွေက သိရှိမှုအားနည်းနေတယ်၊ အခုကွင်းဆင်း ကြည့်တာမူတည်ပြီးတော့ ရှေ့ဆက်ပိုပြီးအရှိန်အဟုန်ကောင်းအောင် လုပ်ဆောင်သွားပါမယ်" ဟု ခရိုင်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီမှ အတွင်းရေးမှူး ဦးထွန်းဦးက ပြောသည်။
ကိန်းဖြူ (ပြန်/ဆက်)


