ဗန်းမောက် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် သခွတ္တာကျေးရွာအုပ်စု ခိုနန်းကျေးရွာအနီးရှိ ဗန်းမောက်ချောင်းတွင် ယမန်နေ့က ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ် အမျိုးသား သုံးဦး ချောင်းဖြတ်ကူးရာမှ ရေထဲမျောပါသွားပြီး နှစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ၂၁ရက် နံနက်၆နာရီမှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေမူကြောင့် ဗန်းမောက်ချောင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေရာ ချောင်းတစ်ဖက်ကမ်းမှ ရွှေကျင်၍ တဲသို့ပြန်လာ ကြသော ကန့်ဘလူမြို့နေ ယဉ်မင်းဦး(၁၈)နှစ်၊ ဗန်းမောက်မြို့နယ် မံလူကျေးရွာနေ ထွန်းထွန်းလွင် (၂၀)နှစ်နှင့် သရက်ကုန်းကျေးရွာနေ ထက်ဝေစိုး(၁၈)နှစ်တို့ သုံးဦးသည် ညနေ ၃ နာရီခန့်၌ ချောင်းအား ဖြစ်ကူးနေစဉ် တောင်ကျရေ တစ်ရှိန်ထိုး စီးဆင်းလာသောကြောင့် ရေထဲမျောပါသွားခဲ့သည်။
ယဉ်မင်းဦးနှင့် ထွန်းထွန်းလွင်တို့နှစ်ဦးအား မျောပါခဲ့သည့်နေရာမှ လေးမိုင်ခန့်ရှိ ကံရွာကျေးရွာ စပါးခင်း၌ ညနေ၅နာရီခွဲတွင် သေဆုံးလျက်တွေ့ရှိရပြီး ရုပ်အလောင်းအား ဗန်းမောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ပျောက်ဆုံးနေသည့် ထက်ဝေစိုးအား သန္ဓေမီးသတ်ဦးစီးမှူး ဦးခူပိုလီကပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကံရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လွင်နှင့် ရပ်မိရပ်ဖများ လူမှုကူညီရေး အသင်းအဖွဲ့များက ကူညီရှာဖွေလျက်ရှိကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)