ဗန်းမောက် ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နှင့် မိုင် ၄၀ ကျော် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကနန်းရွှေကျောင်းကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေဖြင့် မူလွန်ကျောင်း နှစ်ထပ်ကျောင်းဆောင်ကို တည်ဆောက်ပြီးစီးခဲ့ရာ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။
“ကျွန်မတို့ကျေးရွာဟာ ဗန်းမောက်မြို့နဲ့ မိုင် ၄၀ ကျော်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာ တစ်ရွာဖြစ်ပါတယ်။ ပညာရေးမှာတော့ မူလွန်အဆင့်သာရှိပြီး ကျောင်းဆောင် မလုံလောက်မှုကြောင့် အခြားကျေးရွာတွေကို သွားရောက်ပြီး အလယ်တန်းအဆင့် ပညာသင်ယူပါတယ်။
ဒါ့ကြောင့် စာသင်ကြားရာမှာ အခက်အခဲတွေ ရှိပါတယ်။ အခုအခါ ကျေးရွာသူ၊ ကျေးရွာသားတွေ အားလုံးပူးပေါင်းပြီးတော့ အခက်အခဲတွေကြားက မူလွန်နှစ်ထပ်ကျောင်းဆောင်ကို အောင်မြင်အောင် ဆောက်လုပ်ခဲ့ကြတယ်။
အခုလို ကျောင်းဆောင်ပြီးစီးသွားတော့ ကလေးတွေ အခက်အခဲမရှိ ပညာသင်ကြားနိုင်သလို အလယ်တန်း ကျောင်းခွဲအဆင့်ထိပါ တက်ရောက်ပညာသင်ယူနိုင်ဖို့ အခွင့်အရေးရရှိတဲ့အတွက် အရမ်းကိုဝမ်းသာ ကြည်နူးမိပါတယ်”ဟု ရွှေကျောင်းကျေးရွာ လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြု ကော်မတီဝင် ဒေါ်သိန်းသိန်းကြည်က ပြောသည်။
အခမ်းအနားတွင် အဆိုပါ ကျောင်းဆောင်သစ်ကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်၊ မြို့နယ်လူထုဗဟိုပြု စီမံကိန်း နည်ပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကြည်ခိုင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မူလွန်ကျောင်း နှစ်ထပ်ကျောင်းဆောင်ကို လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးငွေကျပ်သိန်း ၂၆၀ ကျော်နှင့် လူထုထည့်ဝင်ငွေကျပ် ၅၈ သိန်းကျော် အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နှစ်ထပ်ကျာင်းဆောင် အတိုင်းအတာမှာ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၃၀ ပေဖြစ်ကြောင်း ဗန်းမောက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ သတင်းပြန်ကြား ဆက်သွယ်ရေးတာဝန်ခံ ဒေါ်သက်စိုးအေးက ပြောပြ၍ သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)